သင့်မျက်လုံးတွေကိုချစ်ပါ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံများ အားလုံးက နှစ်စဉ်အောက်တိုဘာလ၏ ဒုတိယရက်သတ္တပတ် ကြာသပတေးနေ့ကို ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ (World Sight Day -WSD) အဖြစ်

သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှစကာ ကျင်းပလာခဲ့ကြသည်။ မြန်မာနိုင်ငံတွင်လည်း အမျိုးသားအမြင်သန်စွမ်းရေး (Vision 2020)အစီအစဉ်ကို သက္ကရာဇ် ၂၀၀၀ ပြည့်နှစ် အောက်တိုဘာ ၁၀ ရက်မှစတင်၍

အကောင်အထည်ဖော်လာခဲ့သည်။ ယခု ၂၀၂၂ ခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အတွက် ပညာရှင်များက သတ်မှတ်ထားသော ဆောင်ပုဒ်မှာ Love Your Eyes -သင့်မျက်လုံးတွေကိုချစ်ပါ ဟူ၍ဖြစ်သည်။

ဖြစ်ပွားလေ့ရှိသည့်မျက်စိရောဂါအနက် မျက်စိမမြင်မှုကို ဖြစ်စေနိုင်သည့်အခြေအနေများမှာ အတွင်းတိမ်၊ ရေတိမ်၊ မျက်မှန်လိုအပ်ခြင်း၊ ထိခိုက် ဒဏ်ရာရရှိခြင်းနှင့်

ဆီးချိုရောဂါ၊ သွေးတိုးရောဂါတို့ကြောင့်ဖြစ်သည်။ ယင်းတို့အနက် အတွင်းတိမ်ရောဂါသည် ဖြစ်ပွားမှုများပြားသော်လည်း ထိရောက်စွာ ကာကွယ်ကုသနိုင်ပါက

မျက်မမြင်ဖြစ်မှုကိုလျော့နည်းစေနိုင်ကြောင်း ကျန်းမာရေးဌာနက အသိပညာပေးထားပြီး ဖြစ်သည်။ သို့သော် လူအများစုက ကျန်းမာရေး အသိအပေါ်

အလေးမထားခြင်း၊ မျက်စိကျန်းမာရေး စောင့်ရှောက်မှုကို လူတိုင်းလက်လှမ်းမမီနိုင်သေးခြင်း၊ မျက်စိရောဂါနှင့် စပ်လျဉ်းသည့် ကုန်ကျစရိတ်မတတ်နိုင်ခြင်းတို့က

အဓိကအဟန့်အတားများဖြစ်နေသည်။ ထိုအခါ မျက်စိကျန်းမာရေးကို လျစ်လျူရှုမိကြသည်။

အမြင်အာရုံချို့ယွင်းခြင်းနှင့် မျက်စိကွယ်ခြင်းသည် ဘဝ၏ နေ့စဉ်လှုပ်ရှားမှုများ၊ လူမှုအသိုင်းအဝိုင်းအတွင်း အပြန်အလှန်ဆက်ဆံမှုများ၊ ကျောင်းနှင့်အလုပ် အခွင့်အလမ်းများအပါအဝင်

ကဏ္ဍပေါင်းစုံတွင် ကြီးမားသည့်အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် မျက်စိကွယ်သူတို့သည် ၎င်းတို့၏ဘဝတစ်သက်တာတွင် သူတစ်ပါး၏ဝန်ဆောင်မှုကိုသာ မဖြစ်မနေ

ရယူမျှော်လင့်ကြရတော့သည် ဖြစ်ရာ စိတ်ပိုင်းဆိုင်ရာဒုက္ခဖိစီးမှုကြောင့် အချိန်မတိုင်မီ လူ့ဘဝသက်တမ်းတိုတောင်းခြင်းနှင့် ရင်ဆိုင်ရတတ်သည်။

မြန်မာနိုင်ငံတွင်လည်း ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ အမြင်အာရုံချို့တဲ့သူ ၁၂၀၀၀၀၀ ကျော်အထိရှိသည်ဖြစ်ရာ နိုင်ငံ၏ လူဦးရေနှင့်နှိုင်းယှဉ်ပါက

သေးငယ်သည့် ပမာဏမဟုတ်ဟုဆိုနိုင်ပါသည်။ ၂၀၁၇ ခုနှစ်တွင် ကောက်ယူခဲ့သော အမျိုးသားအဆင့် မျက်မမြင်ဖြစ်ပွားမှုနှုန်းစစ်တမ်းအရ မြန်မာနိုင်ငံတွင် အသက် ၅၀ နှင့်အထက်

အရွယ်များတွင် မျက်မမြင်ဖြစ်ပွားမှုနှုန်း ၂ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး အတွင်းတိမ်ရောဂါသည် မျက်စိကွယ်မှုအားလုံး၏ ၇၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်းဖြစ်ပွားလေ့ရှိသည့်

မျက်စိရောဂါများအနက် မျက်စိကွယ်မှုကိုဖြစ်စေနိုင်သည့် အခြေအနေများမှာ အတွင်းတိမ်၊ ရေတိမ်၊ မျက်မှန် လိုအပ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့်ဆီးချိုရောဂါ၊ သွေးတိုးရောဂါတို့ကြောင့်ဖြစ်သည်။

အရေးပါသောမျက်စိ

လူတစ်ယောက်အတွက် မျက်စိတစ်စုံသည် တန်ဖိုးအရှိဆုံးအရာဖြစ်ပြီး ခန္ဓာကိုယ်၏ထိခိုက်မှု အလွယ်ဆုံးသော အစိတ်အပိုင်းကလည်း မျက်စိဖြစ်ပါသည်။

မွေးရာပါမျက်စိရောဂါ တစ်ခုခု ဖြစ်ခြင်း သို့မဟုတ် တစ်စုံတစ်ရာ ထိခိုက်မိခြင်းကြောင့် အမြင်အာရုံချို့ယွင်းသွားခြင်းမှအပ လူတိုင်းလိုလို ပျမ်းမျှအသက် ၄၀ ကျော်လာပါက

အမြင်အာရုံ စတင်ယိုယွင်းလာကြသည်။ လေ့လာမှုစစ်တမ်းများအရ ၂၀ ရာစုနှစ် မတိုင်ခင်ကာလများတွင် လူအများစုက ငယ်စဉ်ဘဝတစ်လျှောက်လုံး မျက်မှန်တပ်ဆင်ခြင်းမရှိခဲ့ကြသော်လည်း

အသက် ၄၀ ကျော်မှာ အနီးမှုန်လာတတ်ကြောင်း၊ ထိုအသက်အရွယ်ကြောင့် အမြင်အာရုံချို့ယွင်းလာခြင်းကို အမျိုးသားထက် အမျိုးသမီးတွေမှာ ပို၍စောစီးစွာတွေ့ရကြောင်း၊

ထိုသို့ဖြစ်ရခြင်းမှာ မျိုးရိုးဗီဇအရ အမျိုးသမီးများက မျက်စိအာရုံစူးစိုက်ရသောအလုပ်ကိုလုပ်ရခြင်း၊ ပို၍အသက်ရှည်ခြင်းတို့နှင့် ဆက်စပ်လျက်ရှိကြောင်း လေ့လာမှတ်သားရသည်။

၂၁ ရာစုမှစ၍ နည်းပညာများတိုးတက်ခေတ်မီလာသည့်အလျောက် Online, Tablet, Smart Phone, ကွန်ပျူတာ Lastop, Destop, ဟန်းဖုန်း စသည့်အီလက်ထရွန်နစ်ပစ္စည်းများကို

ထိတွေ့ကိုင်တွယ်လာကြရာ ယခုအခါ သက်ငယ်ပိုင်းမှစ၍ အရွယ်မတိုင်မီ မျက်စိမှုန်ခြင်းကို ကမ္ဘာနှင့်အဝှမ်းဆိုသလို ခံစားနေကြရသည်။ မြန်မာမှုနယ်ပယ်တွင် အမြင်အာရုံကွယ်ပျောက်ကာ

မျက်စိမမြင်နိုင်တော့ခြင်းသည် ဘဝတစ်ခုလုံး ဆုံးရှုံးသွားရသကဲ့သို့ဖြစ်စေပြီး အကြားအာရုံကင်းမဲ့၍ နားမကြားတော့ခြင်းသည် လူဖြစ်ရှုံးရသောအခြေအနေနှင့်တူကြောင်းကို

မျက်စိအဆုံး၊ နားအရှုံး ဟူသည့် ဆိုရိုးစကားဖြင့် ပမာပြုတတ်ကြသည်။ ထို့ကြောင့် မျက်စိမှုန်ခြင်းကို စောစီးစွာ ကုသနိုင်မှသာလျှင် မျက်စိအတွင်း အာရုံကြောများ ပျက်စီးခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။

မျက်စိဆရာဝန်ထံ သွားပြဖို့ချိန်တန်နေပြီလား

အောက်ဖော်ပြပါ မေးခွန်းတစ်ခုချင်းစီကို ဖတ်ရှုပြီးနောက် မိမိမျက်စိအခြေအနေကို သိရှိနိုင်ပါမည်။

၅ ပေ သို့မဟုတ် ၆ ပေအထက် အကွာအဝေးမှာရှိနေသောအရာဝတ္ထုပစ္စည်းများကို ကြည့်ရာမှာ ပြတ်ပြတ်သားသားမမြင်ရဘဲ ၎င်းအရာဝတ္ထုပစ္စည်းများကို နှစ်ခုထပ်၍ မြင်နေရပါသလား။

မိမိကြည့်ရှုသောအရာဝတ္ထု၏ အစွန်းအနားများ မှုန်ဝါးဝါးဖြစ်နေသလား။

လျှပ်စစ်မီးလုံး သို့မဟုတ် ဖယောင်းတိုင်အလင်းရောင်ကိုကြည့်ရာ၌ မီးရောင်ကိုဝိုင်းပတ်၍ သက်တံသဖွယ် ရောင်စုံမြင်နေရသလား

သို့မဟုတ် ရောင်ခြည်ကွင်းဝိုင်းပတ်နေသလို မြင်နေသလား။

အလင်းရောင်ကိုကြည့်သောအခါ မျက်စိစူးသလား၊ အောင့်သလား၊ နာကျင်ကိုက်ခဲပါသလား။ အလင်းရောင်ကိုကြောက်နေသလား။

အချိန်မရွေး နေကာမျက်မှန် တပ်ထားလိုသော စိတ်ဆန္ဒဖြစ်ပေါ်နေပါသလား။

မိမိနှင့်နီးကပ်သောအရာများကို ကြည့်ရှုရာမှာ အခက်အခဲတွေ့နေပါလား။ ဥပမာ စာရေးစာဖတ် သောအခါ ဖတ်ရိုးဖတ်စဉ် ယခင်ကြည့်နေကျ အနေအထားထက်ပို၍ ရှေ့သို့တိုးကပ်ပြီး ကြည့်နေရသလား သို့မဟုတ် နောက်သို့ခွာပြီး ကြည့်နေရသလား သို့မဟုတ် မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်မှ အမြင်ကြည်လင်ပါသလား သို့မဟုတ် မျက်မှောင်ကြုတ်၍ ကြည့်နေရသလား။

အရာဝတ္ထုများကိုကြည့်ရှုရာတွင် ယခင်ကထက် မှေးမှိန်စွာ မြင်ရပါသလား။

မီးအလင်းရောင်နှင့်စာကြည့်ရာမှာလည်း ခါတိုင်းထက်ပို၍ အလင်းရောင်များများ လိုအပ်နေသလား။ ခပ်လှမ်းလှမ်းမှ အရာဝတ္ထုတွေကို ကြည့်ရာတွင် ခါတိုင်းထက်ပို၍ ဂရုစိုက်ကြည့်ရပါသလား။ မျက်စိယားယံခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ အောင့်ခြင်း၊ ကိုက်ခဲခြင်းဖြစ်နေသလား။

ခါတိုင်းတွေ့မြင်နေကျဖြစ်သောဖြောင့်သောတိုင် တစ်ခုကို ခပ်ယိုင်ယိုင်ကွေးကွေး မြင်နေပါသလား သို့မဟုတ် သမံတလင်း ကွန်ကရစ်ကဲ့သို့သော ညီညာဖြောင့်ဖြူးသောလမ်းကိုလျှောက်လှမ်းရာမှာ အပေါ်သို့ခုံးတက်နေသလို၊ အောက်သို့နိမ့်လျှောနေသလို ခံစားရပါသလား။

အရောင်အသွေးများကို ပြတ်ပြတ်သားသား ကွဲကွဲပြားပြားခွဲခြား မြင်နိုင်ပါရဲ့လား။

မိမိမျက်စိကိုမှန်ထဲတွင် လေ့လာကြည့်လိုက်ပါ။ မျက်ခွံနီရဲခြင်း သို့မဟုတ် မျက်ခွံအစ်၍ မျက်ရစ် နှစ်ထပ်ဖြစ်ခြင်း ကြုံတွေ့နေရပါသလား။

ရှေ့တည့်တည့်သို့ကြည့်ရာမှာ မြင်မြင်သမျှအရာအားလုံး အစက်အပြောက်များ မြင်နေပါသလား သို့မဟုတ် အမည်းစက်ပြောက်ကလေးတစ်လုံး၊ နှစ်လုံးခန့်ကို အပေါ်ဘက်၊ အောက်ဘက်သို့ ဘောလုံးသဖွယ်ပြေးနေသည့်သဏ္ဌာန်ကို မြင်နေရပါလား။

မျက်စိခြောက်ကပ်၍ ပိတ်ဖွင့်ရာတွင် ခပ်ဖန်ဖန် ခပ်စပ်စပ်ခံစားနေရပါသလား။

စာရေးစာဖတ်နေစဉ်သော်လည်းကောင်း၊ စာရေးစာဖတ်ပြီးနောက်တွင်လည်းကောင်း ခေါင်းကိုက်ပါ သလား။ တစ်စုံတစ်ခုကို စူးစိုက်ကြည့်ပြီးသော အခါမှာလည်း ခေါင်းထဲမှထိုးကိုက်နေပါသလား။ ဦးခေါင်းနောက်စေ့မှအုံ၍ ကိုက်ခဲနေပါသလား။

အထက်ပါ အခြေအနေများအနက် တချို့သော ပြဿနာများသည် သွေးတိုးခြင်း၊ သွေးအားနည်းခြင်း၊ အာရုံကြော အားနည်းခြင်း စသည့်ရောဂါများနှင့်လည်း ဆက်နွှယ်နေတတ်သဖြင့် ကျန်းမာရေးအတွက် အထူးသတိပြုသင့်ပါသည်။ မျက်လုံးသွေးကြောထုံးခြင်းက လေငန်း(လေဖြတ်)ရောဂါနှင့်ပါ ဆက်နွှယ်မှုရှိနေသည်။

လုံးဝမပေါ့ဆပါနှင့်။

သို့ပါ၍ သင့်မျက်လုံးတွေကိုချစ်ပါ ဟူသော ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေးအသိ၊ သတိဖြင့် မိမိမျက်စိကို ကာကွယ်စောင့်ရှောက် သင့်ပါကြောင်းနှင့် ကာကွယ်ကုသ၍ရသော မျက်စိရောဂါများလျော့နည်း ပပျောက်စေရန်မှာ မျက်စိကျန်းမာရေးကိုစစ်ဆေး၍ ကုသမှုခံယူရုံမှတစ်ပါး အခြားမရှိပါကြောင်း သတိပေး နှိုးဆော်လိုက်ရပါသည်။ ။

ပေါက်ပေါက်

ဆောင်းပါး