ရာသီအလိုက်ခံစားရသော စိတ်ဖိစီးမှုရောဂါအကြောင်းသိကောင်းစရာ

လူသားများသည် နေ့တဓူဝလှုပ်ရှားရုန်းကန်နေကြရင်းနဲ့ ရာသီစက်ဝန်းကလည်း မရပ်မနား ပုံမှန်လည်ပတ်လျက်ရှိတာကို သတိမူမိတာ နည်းပါးတတ်ကြပါတယ်။ သဘာဝတရားကလည်း သူ့ဟာနဲ့သူ ပြောင်းလဲဖြစ်ပေါ်နေသလို နေ့ည/ဉတုရာသီ တို့ကြောင့်လည်း လူသားတို့အနေနဲ့ ရောဂါလက္ခဏာများ ဖြစ်ပေါ်ခံစားရတတ်တာကို  သတိပြုမှု နည်းပါးတတ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရာသီဉတုသမမျှတပြီး ပူလွန်းခြင်း၊ အေးလွန်းခြင်းဖြစ်ပွားတတ်တဲ့ဒေသများ နည်းပါးတာကြောင့် ရာသီအလိုက်ခံစားရသော စိတ်ဖိစီးမှုရောဂါကို သတိမထားမိကြသော်လည်း ဉရောပနိုင်ငံများ၊ ရေခဲဒေသများမှာ နေထိုင်သူများအနေနဲ့ ကြီးမားပြင်းထန်တဲ့ ရာသီဉတုအပြောင်းအလဲများကြောင့် ဖော်ပြပါရောဂါဟာ အဖြစ်များတဲ့ ရောဂါအမျိုးအစားထဲမှာပါဝင်ပါတယ်။ ထို့ကြောင့် ၎င်းရောဂါအကြောင်း လေ့လာနိုင် စေရန် အကျဉ်းမျှရေးသားတင်ပြလိုပါတယ်။

အခြေခံအချက်များ

ရာသီအပြောင်းအလဲအလိုက်ဖြစ်တတ်သော စိတ်ကျရောဂါ (Seasonal affective disorder) ရာသီဉတုပြောင်းလဲမှုနှင့်ဆက်စပ်နေသော စိတ်ကျရောဂါ အမျိုးအစား တစ်ခုဖြစ်ပါတယ်။ ၎င်းရောဂါဟာ နှစ်စဉ် ရာသီအပြောင်းအလဲမှာ တူညီတဲ့အချိန် ကာလတစ်ခုမှာ ဖြစ်တတ်ပါတယ်။ ဉပမာ- ဆောင်းရာသီ အစပျိုးတာနဲ့ ၎င်းရောဂါလက္ခဏာများစတင်ခံစားရတတ်ပြီး နွေဉီးပေါက်ချိန်ရောက်မှသာ ခံစားနေ ရတဲ့ လက္ခဏာများ ပျောက်ပြယ်သွားတတ်ပါတယ်။ အဆိုပါရောဂါ ဟာများသော အားဖြင့် ဆောင်းရာသီနှင့်သာ ဆက်စပ်ဖြစ်ပေါ်တတ်ပြီး နွေဦးပေါက်နှင့် နွေရာသီကာလတွေမှာတော့ ဖြစ်ပွားမှုနည်းတတ်ကြပါတယ်။

အေးမြသောရာသီ ပြောင်းလဲမှုအခြေပြု စိတ်ရောဂါလက္ခဏာများ သက်သာစေရန်အတွက် အကြမ်းဖျဉ်း ကုထုံးများကတော့ နေပူစာလှုံပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုရစေရန် ဆေးဝါးမပါသော စိတ်ရောဂါကုထုံးများဖြင့် ကုသမှုခံယူခြင်းနှင့် လိုအပ်လာပါက စိတ်ငြိမ်ဆေးအပါအဝင်ဆေးဝါးမှီဝဲခြင်း စသည်တို့ဖြစ်ပါတယ်။ ထိုသို့ရာသီ အပြောင်းအလဲအလိုက်ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာလက္ခဏာများကို ပေါ့ပေါ့ဆဆ မမှတ်ယူသင့်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ အတက်အကျကို တစ်နှစ်ပတ်လုံး ပုံမှန်ဖြစ်နေ စေရန်အတွက် လိုအပ်သော လေ့ကျင့်ကုသမှုများကို စနစ်တကျ ခံယူသင့်ပါတယ်။

ရောဂါလက္ခဏာများ

အများစုကတော့ ဆောင်းဉီးပေါက်ရာသီကစတင်လို့ စိတ်ဖိစီးစိတ်ကျ ရောဂါလက္ခဏာများ ခံစားရတတ်ပြီး နွေဉီးရာသီရောက်တာနဲ့ ရောဂါလက္ခဏာများ ပျောက်ကွယ်သွားတတ်ကြပါတယ်။ အနည်းငယ်သောလူတစ်ချို့တွင်တော့ နွေရာသီမှာ ခံစားရရတတ်ပြီး ဆောင်းရာသီရောက်မှသာ ရောဂါလက္ခဏာများ သက်သာတတ်ကြပါတယ်။ မည်သည့် အခြေအနေတွင်မဆို ရောဂါလက္ခဏာများဟာ အစပိုင်းမှာ ခပ်ပျော့ပျော့သာ ခံစားရတတ်သော်လည်း ရာသီဉတုပိုမိုအေးမြ လာသည်နှင့် လက္ခဏာများ ဆိုးရွားလာတတ်ကြပါတယ်။

ရာသီအလိုက်ခံစားရတတ်သော စိတ်ရောဂါ၏ လက္ခဏာများကတော့ နုံးချိကာ အလိုလိုဝမ်းနည်းစိတ်ကျနေတတ်ခြင်း၊ တခါတရံ ဖော်ပြပါလက္ခဏာများကို နေ့တိုင်း နီးပါးရက်ဆက်ခံစားရတတ်ခြင်း၊ ယခင်ကပျော်ရွှင်ခဲ့ရဖူးတဲ့ လှုပ်ရှားမှု အဖြစ်အပျက် များကို စိတ်ဝင်စားမှုလျော့ကျလာခြင်း၊ အားမရှိသကဲ့သို့ဖြစ်ကာ ထိုင်းမှိုင်းလေးလံ နေခြင်း၊ အိပ်စက်ခြင်းနှင့်ဆိုင်သော ပြဿနာများဖြစ်လာတတ်ခြင်း၊ အစာစားလိုစိတ် လွန်ကဲလာခြင်း၊ ကိုယ်အလေးချိန်တက်လာတတ်ခြင်း၊ အာရုံစူးစိုက်မှု ခက်ခဲခြင်း၊ မျှော်လင့်ချက်မဲ့၊ တန်ဖိုးမဲ့ကာ နောင်တရသလိုခံစားနေရခြင်း၊ အဆိုးဆုံးအနေဖြင့် အသက်ရှင်ရပ်တည်လိုစိတ်နည်းလာခြင်း စသည့်လက္ခဏာများဖြစ်ပါတယ်။ ၎င်းတို့အနက် တစ်ခုမဟုတ်တစ်ခုသောလက္ခဏာများကို ဆောင်းရာသီ ကာလတွင် ခံစားလာရပါက သတိထားပြီး လိုအပ်သော ကုထုံးများကို ခံယူသင့်ပါတယ်။

ဆောင်းရာသီခံစားရသော စိတ်ရောဂါလက္ခဏာများ

ဆောင်းရာသီတွင်ခံစားရတတ်သော စိတ်ကျရောဂါလက္ခဏာများကတော့ အအိပ်လွန်ကဲခြင်း၊ ကာဗိုဟိုက်ဒရိတ်နှင့် အစာစားသုံးမှုမြင့်မားလာခြင်း၊ ကိုယ်အလေး ချိန်တက်လာခြင်း၊ မောပန်းနွမ်းနယ်အားမရှိသကဲ့သို့ ခံစားရတတ်ခြင်းများဖြစ်ပါ တယ်။

နွေရာသီခံစားရသော စိတ်ရောဂါလက္ခဏာများ

နွေဉီးပေါက်နဲ့ နွေရာသီကာလမှာ ဖြစ်ပွားတတ်သော စိတ်ကျရောဂါ လက္ခဏာများ ကတော့ အိပ်မပျော်ခြင်း၊ အိပ်ရခက်ခဲခြင်း၊ အစာစားမဝင်ခြင်း၊ ခံတွင်းပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ စိတ်ပူပန်တုန်လှုပ်နေတတ်ခြင်း၊ စိတ်ဂဏှာ မငြိမ်ဖြစ်ခြင်း၊ စသည့် စိတ်ပိုင်းဆိုင်ရာ လက္ခဏာများဘဲဖြစ်ပါတယ်။

ရာသီဉတုအပြောင်းအလဲများနှင့် စိတ်ကြွ(စိတ်ကျ)ရောဂါ(Bipolar disorder)

စိတ်ကြွ(စိတ်ကျ)ရောဂါ(Bipolar disorder)ဆိုတာကတော့ စိတ်အပြောင်းအလဲ အလွန်အကျူးမြန်ဆန်ခြင်း၊ စိတ်တက်ကြွလာပါက လွန်စွာတက်ကြွသလို စိတ်ကျသည့်အချိန်တွင်လည်း အလွန်ကျဆင်းတတ်ခြင်း၊ စသည့် စိတ်ပိုင်းဆိုင်ရာ အတက်အကျအလွန်အကျူးဖြစ်တတ်သည့် ရောဂါကိုဆိုလိုပါတယ်။  မူလကတည်းက စိတ်ကြွ(စိတ်ကျ)ရောဂါ ခံစားနေရသူတွေကတော့ ရာသီဉတုကြောင့် ဖြစ်တတ်တဲ့ စိတ်ကျရောဂါခံစားရမှု ပိုမိုမြင့်တက်စေပါတယ်။ တချို့သော စိတ်ကြွ(စိတ်ကျ) ရောဂါခံစားနေသူတွေမှာ စိတ်ကြွနေတဲ့ အခိုက်အတန့်ကာလတွေမှာ ရာသီပြောင်း လဲမှုကြောင့်ဖြစ်တတ်တဲ့ စိတ်ရောဂါနဲ့ ဆက်နွယ်မှုဟာ ထူးခြားနေ တတ်ပါတယ်။ ဉပမာ-နွေဦးပေါက်နဲ့ နွေရာသီတို့မှာ မူလရောဂါအခံရှိသူတွေအနေနဲ့ စိတ်ကြွရောဂါလက္ခဏာများ ဖြစ်ပွားတတ်ပြီး စိတ်လှုပ်ရှားခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း၊ ဂယောက်ဂယက်ဖြစ်ခြင်းများ ခံစားရလေ့ရှိကာ ဆောင်းရာသီမှာတော့ စိတ်ကျရောဂါလက္ခဏာများကို ပိုမိုဖြစ်ပွားတတ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသရမလဲ

တချို့နေ့တွေမှာ သင့်အနေနဲ့ မလုပ်ချင်မကိုင်ချင်ခံစားရတတ်တာကတော့ ပုံမှန်ပါ။ သိုသော် သင့်အနေနဲ့ ထိုသို့ခံစားရမှုတွေဟာ ရက်ဆက်ဖြစ်လာပီဆိုရင်၊ သင့်အနေနဲ့ ဘယ်လိုမှ စိတ်အားတက်ကြွမှုပြန်မရတော့ဘူးဆိုရင်၊ သင့်အနေနဲ့ ပုံမှန်ပျော်ရွှင်မှု ခံစားရတဲ့ လှုပ်ရှားမှုများမှာ မပျော်မရွှင်ဖြစ်နေတတ်ပီဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင် သင့်ပါတယ်။ အထူးသဖြင့် သင့်ရဲ့ စားသောက်မှုပုံစံနဲ့ အစာစားလိုစိတ်မှာ ပြောင်းလဲလာပီဆိုရင်၊ အိပ်စက်မှုအချိန်ကာလ ပုံမှန်မဟုတ်တော့ ဘူးဆိုရင်၊ အိပ်မပျော်တာ၊ အအိပ်လွန်တာတွေဖြစ်လာပီဆိုရင်၊ စိတ်သက်တောင့် သက်သာဖြစ်ဖို့ အရက် ယမကာမှီဝဲရပြီဆိုရင်၊ သင့်အနေနဲ့ မျှော်လင့်ချက်မဲ့သည့် စိတ်ခံစားမှုမျိုးဖြစ်ကာ လောကကြီးမှာ မနေပျော်တော့ဘူးလို့တွေးထင်လာပီဆိုရင် အန္တရာယ်ရှိလာပီ ဖြစ်တာကြောင့် အမြန်ကုသမှုခံယူသင့်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် ရာသီပြောင်း/ဉတုပြောင်းကာလတွေမှာ ဖြစ်ပွားတတ်တဲ့ ကူးစက်ရောဂါများကိုသာမက စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုနှင့်ရောဂါလက္ခဏာ များအား သတိထားစောင့်ကြည့်ကာ လိုအပ်သည့် ကုထုံးများကို အချိန်မနှောင်းစေဘဲ ခံယူနိုင်ကြစေရန် တိုက်တွန်းရေးသားလိုက်ရပါတယ်။

ဆောင်းပါးရှင်  ကိုဇေ