ချိုင်းချွေးနံ့ နံလို့ လူကြားထဲသွားဖို့ ယုံကြည်ချက်မရှိဖြစ်နေပြီလား

လူတိုင်း ချွေးထွက်တတ်ကြပါတယ်။ အဆိုးနေရာကတော့ ချိုင်းပေါ့။ နည်းနည်းလေး မပူလိုက်နဲ့ သူကချွေးထွက်တာအရင်။ ပြီးတော့ လက်မြှောက်လိုက်ရင် အင်္ကျီမှာ ချွေးတွေ အကွက်လိုက်ပေပြီး ရုပ်ဆိုးစေသေးတယ်။ သေချာများ မလျှော်မိလိုက်လို့ကတော့ နောက်တစ်ခါ ပြန်ဝတ်တဲ့အခါ အင်္ကျီလေး ကွက်နေရော။ ချွေးလေးစို့လာတာနဲ့ ချိုင်းချွေးနံ့ နံလို့ လူကြားထဲမသွားရဲလောက်အောင်ကို စိတ်ဆင်းရဲနေရတဲ့ ပရိသတ်ကြီးရှိလား ။

ချိုင်းချွေးနံ့ နံလို့ လူကြားထဲသွားဖို့ ယုံကြည်ချက်မရှိဖြစ်နေပြီလား ။ ။

ချိုင်းချွေးနံ့ နံလို့ လူကြားထဲသွားဖို့ ယုံကြည်ချက်မရှိဖြစ်နေရင် ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။

( ၁ ) မုန့်ဖုတ်ဆော်ဒါ ။ ။

အနံ့အသက်ဆိုးတွေကို စုပ်ယူပေးတဲ့နေရာမှာ မုန့်ဖုတ်ဆော်ဒါလောက် ကောင်းတဲ့အရာတွေမရှိတော့ပါဘူး။ ဒါ့အပြင် မုန့်ဖုတ်ဆိုဒါဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုနဲ့ အရေပြား pH ကိုလည်း ထိန်းညှိပေးတာကြောင့် ချိုင်းချွေးနံ့ နံနေတဲ့သူတွေအဖို့ မုန့်ဖုတ်ဆော်ဒါက အားကိုးစရာဖြစ်မှာပါ။

ပြုလုပ်နည်း – မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်း၂ ဇွန်းလောက်ကို ရေနဲ့ရောဖျော်ပြီး သံပရာသီးတစ်ခြမ်းလောက်ညှစ်ချလိုက်ပါ။ ဒီ အရောအစပ်ကို ချိုင်းကြားထဲ သုတ်လိမ်းပြီး ၁၅ မိနစ် ခန့်ထားလိုက်ပါ။ ပြီးရင် ရေပြန်ဆေးချပါ။ ချိုင်းမှာ ပေါက်ပြဲရာတွေ၊ ထိခိုက်ရှနာတွေ ရှိနေရင်တော့ အသုံးမပြုသင့်ပါဘူး။

( ၂ ) ပန်းသီးရှာလကာရည် ။ ။

ဒီ အက်ဆစ်ဓာတ်ရှိတဲ့ ပန်းသီးရှာလကာရည်ဟာ အရေပြားရဲ့  pH ကို အပြောင်းအလဲဖြစ်စေပြီး ဘက်တီးရီးယားတွေနေလို့ မရအောင် လုပ်လိုက်တာကြောင့် ချိုင်းနံ့ဆိုးတွေကို ကင်းဝေးစေမှာပါ။

ပြုလုပ်နည်း – ပန်းသီးရှာလကာရည်ကို ရေနဲ့ရောလိုက်ပါ။ ဒါမှ အက်ဆစ်ပြင်းအားလျော့သွားပါလိမ့်မယ်။ ရှာလကာရည် အနံ့စူးစူးက ပြင်းတာကြောင့် ရေချိုးခါနီး ၁၅ မိနစ်လောက်အလိုမှာ ချိုင်းအောက်မှာ သုတ်လိမ်းထားပါ။ ပြီးမှ ရေချိုးပါ။

( ၃ ) သံပရာသီး ။

သံပရာသီးရဲ့ အချဉ်အက်ဆစ်ဓာတ်က ဘက်တီးရီးယားပိုးတွေကိုသေစေပြီး သူ့ရဲ့ မွှေးပျံ့တဲ့အနံ့က ချိုင်းချွေးနံ့ နံတာကို သက်သာစေဦးမှာပါ။ ဒါ့အပြင် သံပရာသီးရဲ့ အစွန်းအထင်းတွေကို ချွတ်ပေးနိုင်တဲ့ အာနိသင်ကြောင့် ချိုင်းကြားမည်းနေတာလည်း သက်သာစေဦးမှာပါ။

ပြုလုပ်နည်း – လှီးထားတဲ့ သံပရာသီး တစ်ဝက်ကို ချိုင်းမှာ ပွတ်တိုက်ပေးပါ။ ၁၅ မိနစ်လောက်ထား ပြီးရင် ရေပြန်ဆေးချပါ။ ချိုင်းမှာ ပေါက်ပြဲရာတွေ၊ ထိခိုက်ရှနာတွေ ရှိနေရင်တော့ အသုံးမပြုသင့်ပါဘူး။  အသားခြောက်တတ်တာကြောင့် တစ်ပတ်ကို ၂ကြိမ်လောက်ပဲ သုံးပါ။

( ၄ ) ချိုင်းမွေးတွေကို ဖယ်ရှားပေးပါ ။

ချိုင်းမွေးတွေ အများကြီးရှိနေရင် ဘက်တီးရီးယားပိုးတွေ ပိုခိုအောင်းလို့ကောင်းပြီး ချွေးထွက်လည်းများစေတတ်လို့ ချိုင်းချွေးနံ့ကို ပိုပြင်းစေပါတယ်။ ဒါ့ကြောင့် ချိုင်းမွေးတွေကို မှန်မှန်ဖယ်ရှားပေးဖို့လိုတာပါ ။ ။

(၅) တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ပါ။

နေ့စဉ်ပုံမှန်ရေချိုးပါ။ ပွပွချောင်ချောင်နဲ့ ချွေးစုပ်တဲ့ အဝတ်ကို ဝတ်ပါ။ အပြင်သွားတိုင်း Roll on လိမ်းပါ။ ဒါဆိုရင်လည်း ချိုင်းချွေးနံ့ နံတာကို သက်သာစေမှာပါ။

ကဲ ဒီလို အကုန်အကျလည်း သက်သာ အာနိသင်လည်း စွမ်းတဲ့ သဘာဝနည်းတွေအတိုင်း လိုက်လုပ်ကြည့်မယ်ဆိုရင်တော့ အပြင်သွားခါနီးတိုင်း ချွေးထွက်မှာစိုးရိမ်နေရတဲ့ သောကတွေက ကင်းဝေးသွားမှာ အသေအချာပါ ။ ။

(ဟယ်လိုဆရာဝန်)