ဝေဟင်စွမ်းအားအတွက် လေသူရဲမောင်မယ်များ

နိုင်ငံတိုင်းတွင် တပ်မတော်တစ်ရပ်သည် မရှိမဖြစ်သော အဓိကအဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ထိုအဖွဲ့အစည်းသည် အမြဲတမ်း ကျစ်လျစ်ခိုင်မာ အင်အားတောင့်တင်းနေရမည်ဖြစ်သည်။ အင်အားတောင့်တင်း၍ စွမ်းရည်ထက်မြက်နေမှသာ နိုင်ငံတော်ကို ထူးချွန်စွာ ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်သည်။ တပ်မတော် အင်အားတောင့်တင်းရေးမှာ နိုင်ငံ၏စီးပွားရေးအင်အားသည်လည်း ခိုင်မာနေရန်လိုအပ်သည်။ ထို့အတူနိုင်ငံရေး အင်အားများလည်း ခိုင်မာနေရမည်ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး တို့သည် တိုင်းပြည်အတွက် အစဉ်မြင့်မြင့်မားမားတည်ရှိနေရမည့်အရာများသာဖြစ်သည်။

နိုင်ငံရေး အင်အားဟုဆိုရာ၌ အစိုးရဖြစ်လာသူတိုင်း၏စိတ်တွင် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသားများအတွက် အကောင်းတကာ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်မည်ဟူသော စိတ်ဓာတ်မျိုးရှိရမည်ဖြစ်သည်။ မိမိနိုင်ငံရေးအရေးသည်သာ ပထမ ဦးစားပေးစိတ်ဓာတ်ဖြင့် တိုင်းပြည်နှင့် လူမျိုးတိုးတက်ကြီးပွားရေး၊ မိမိနိုင်ငံ၏ တပ်မတော်အင်အားတောင့်တင်း၍ စွမ်းရည် ထက်မြက်နေရေးနှင့် နိုင်ငံ၏ စီးပွားရေးတိုးတက်ရေးတို့ကို အလေးထားလုပ်ဆောင်ကြရမည်ဖြစ်သည်။

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရန်ဖြစ်ပြီး တပ်ရင်းတပ်ဖွဲ့တိုင်းအနေဖြင့် မိမိတို့၏ တာဝန်များကို မှန်မှန်ကန်ကန် ထမ်းဆောင်နေခြင်းသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေခြင်းဖြစ်သည်။ တပ်မတော်တစ်ရပ်ဟုဆိုရာတွင် ကြည်းတပ်များ၊ ရေတပ်များ၊ လေတပ်များကိုပေါင်းရုံး၍ တပ်မတော်(ကြည်း၊ ရေ၊ လေ)ကို သတ်မှတ်ခြင်းဖြစ်သည်။ နိုင်ငံတော်ကို ကာကွယ်တည်ဆောက်လျက်ရှိရာတွင် ထိုအစိတ်အပိုင်းသုံးခုသည် သူ့နေရာနှင့်သူ စွမ်းရည် ပြည့်ဝစွာ စွမ်းဆောင်နိုင်ကြပြီဖြစ်သည်။ လူသားအရင်းအမြစ်များ၊ ခေတ်မီနည်းစနစ်များ၊ အထောက်အကူပစ္စည်းများ ပြည့်ဝ စုံလင်စွာ ပေါင်းစပ်ထားရှိနိုင်ပြီဖြစ်သည့်အတွက် မြန်မာ့တပ်မတော်၏ အဆင့်အတန်းမှာ မြင့်မားနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ခေါင်းဆောင်မှုမှန်ကန်ပြီး တပ်မတော်အတွင်း စည်းလုံးညီညွတ်မှုရှိသည့် ကာလတစ်လျှောက်လုံးတိုင်းပြည်ကို ဖြိုခွဲ၍ရနိုင်မည်မဟုတ်သည်မှာ မှန်ကန်သောအကြောင်းအချက်ဖြစ်သည်။ အထူးသဖြင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)တစ်ရပ်လုံး၏ စွမ်းရည်စွမ်းအားမြင့်မားနေသမျှ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ခိုင်ခိုင်မြဲမြဲကာကွယ်စောင့်ရှောက်နိုင်မည်သာဖြစ်သည်။ ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်လျက်ရှိရာ တပ်မတော်(လေ)သည်လည်း ထိရောက်သည့် လေကြောင်းစွမ်းအား ပိုင်ဆိုင် လျက်နည်းပညာအဆင့်အတန်းမြင့်မားသည့် တပ်မတော်(လေ)အဖြစ် ကြိုးပမ်းအားထုတ်တည်ဆောက်လျက်ရှိသည်။ နိုင်ငံအတွက် ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရေး နေ့ညမပြတ်လုပ်ဆောင်လျက်ရှိသည်။

တပ်မတော်(လေ)သည် နိုင်ငံတော်၏ ဝေဟင်ပိုင်နက်ကိုစိုးမိုးပြီး  မိမိတို့ဝေဟင်ပိုင်နက်မှ တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)တို့ နှင့်ပေါင်းစပ်၍ မြေပြင်ရေပြင်တို့ကို ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ လေကြောင်းစွမ်းအားအတွက် လူသားအရင်းအမြစ်များ ဖြစ်သည့် လေသူရဲများအား နှစ်စဉ်မွေးထုတ်ပေးလျက်ရှိရာ ယခုအခါ လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၄) ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲကို ကျင်းပခဲ့ပြီဖြစ်သည်။ နိုင်ငံတကာလေတပ်များနည်းတူ အမျိုးသမီးလေသူရဲများ မွေးထုတ်ပေးခဲ့ရာ အမှတ်စဉ် (၈၀)မှ အမှတ်စဉ်(၈၃)အထိ အမျိုးသမီးလေသူရဲ ၂၀ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည်။ အမှတ်စဉ်(၈၄)ကျောင်းဆင်း တောင်ပံ အပ်နှင်းပွဲတွင်လည်း အမျိုးသမီးလေသူရဲ သုံးဦးပါဝင်သည်မှာ တပ်မတော်(လေ)အတွက်အင်အား၊ တပ်မတော်အတွက် စွမ်းအားများ ဖြစ်သည်။

လေယာဉ်မောင်းသင်တန်းဆင်း တောင်ပံအပ်နှင်းခံရပြီးသည့် လေသူရဲမောင်မယ်တို့သည် ဆက်လက်၍လေသူရဲတစ်ဦးအနေဖြင့် အမြဲလေ့လာနေရမည်ဖြစ်သည်။ တာဝန်ကျရာလေတပ်စခန်းဌာနချုပ်၊ လေတပ်စခန်း၊ ပျံသန်းရေးအုပ်များ၌ သက်ဆိုင်ရာ လေယာဉ်/ရဟတ်ယာဉ်များဖြင့် လွှဲပြောင်းသင်တန်းများ တက်ရောက်ကြရမည်ဖြစ်သည်။ ပျံသန်းရေးအုပ်များနှင့် လေတပ်စခန်း ဌာနချုပ်များ၏ နှစ်လုံးပေါက် လေ့ကျင့်ရေးဇယားများဖြင့် လစဉ်အလိုက်လေ့ကျင့်ခန်းများ ပြုလုပ်ကြရမည်ဖြစ်သည်။ တပ်မတော် (လေ)ရှိ လေယာဉ်/ရဟတ်ယာဉ်များသာမက ကမ္ဘာ့နိုင်ငံများရှိ လေယာဉ်/ရဟတ်ယာဉ်များ၊ ခေတ်မီစက်ပစ္စည်းများအား လေ့လာ ကြရမည်ဖြစ်သည်။

တပ်မတော်(လေ)သည် တစ်ဆင့်ထက်တစ်ဆင့် အရည်အချင်းမြင့်မားသော လေယာဉ်/ရဟတ်ယာဉ်များဖြင့် မျိုးဆက်သစ် လေသူရဲများအား နှစ်စဉ်မွေးထုတ်ပေးလျက်ရှိပြီး အရည်အချင်းမြင့်မားသော လေကြောင်းစွမ်းအားဖြင့် နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်လျက်ရှိသည်။ လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၄) သင်တန်းဆင်းတောင်ပံအပ်နှင်းပွဲသည် တပ်မတော်(လေ) အတွက် ဂုဏ်ယူဖွယ်နေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ နိုင်ငံတော်နှင့် တပ်မတော်အတွက်လည်း ဂုဏ်ယူဖွယ်နေ့ထူးနေ့မြတ်ပဲဖြစ်ပါတယ်။