ဝမ်းချုပ်ရခြင်း အကြောင်းရင်းများနှင့်ဝမ်းမှန်စေရန် ဝမ်းနှုတ်ဆေးသောက်ဖို့လိုအပ်လား?

ကျန်းမာစေရန် နေ့စဥ် ဝမ်းမှန်မှန်သွားရန် လိုသည် ဆိုသောအချက်မှာ မှန်ကန်ပါတယ်။
ဒါပေမယ့် ဝမ်းချုပ်တတ်သူ အများစုကတော့ ​နေ့စဉ် ဝမ်းနှုတ်ဆေးသောက်ရန် လုံးဝ မလိုအပ်ပါ။
ဒီနေ့ခေတ်မှာ မကြာခဏ ဝမ်းချုပ်ရတဲ့ အကြောင်းရင်းကတော့ အစာ​ကြမ်းနည်းပါးပြီး ပြုပြင်ထုတ်လုပ်ထားသည့် အရံသင့် အစားအစာများကို အများဆုံး စားသုံးနေတာကြောင့် ဖြစ်ပါတယ်။
အမျှင်ဓာတ်ပေါများပြီး မပြုပြင်ရသေးသော အစာကြမ်းများဖြစ်တဲ့ ဟင်းသီးဟင်းရွက်နှင့် အသီးစုံတို့ကို စားသုံးမှုပမာဏ များပြားမှသာ ဝမ်းမှန်မှာ ဖြစ်ပါတယ်။
ခေါက်ဆွဲ၊ မုန့်တီ၊ ကြာဇံ၊ ပေါင်မုန့်၊ သကြား စသည်တို့ဟာ ဆန်၊ ဂျုံ၊ ကြံ စတဲ့ မူရင်းအစာကြမ်းများမှ နေ၍ အရံသင့်စားသုံးနိုင်ရန် ပြုပြင်ထုတ်လုပ်ထားသဖြင့် အလွယ်တကူ ကြေညက်ပြီး စားသမျှကို အူနံရံမှ စုတ်ယူကာ၊ အူအတွင်း၌ ဖိုင်ဘာခေါ် အမျှင်အဖတ်များ ကျန်ရစ်မှု နည်းပါးတတ်ပါတယ်။
ဒါကြောင့်မို့ ဝမ်းမမှန်ခြင်း၊ ဝမ်းကုန်စင်အောင် မသွားနိုင်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ကို ခံစားရပါတယ်။
လူအချို့ဟာ တစ်ရက်၊ နှစ်ရက်ခန့် ဝမ်းမသွားပါက
စိတ်ပူပန်လာပြီး ဝမ်းသွားအောင် ဝမ်းနှုတ်ဆေး ပြုလုပ်လေ့ရှိပါတယ်။ တကယ်တော့ ဝမ်းနှုတ်ဆေး သောက်ဖို့ မလိုပါဘူး။
အမှန်က ဝမ်းဖြစ်ပေါ်မှု ပမာဏနည်းပါး၍ အူများက ဝမ်းစွန့်ထုတ်မှု ပြုလုပ်ရန်အတွက် လှုပ်ရှားမှု မရှိသေးဘဲ ဝမ်းသွားရန် ၁ ရက်၊ ၂ ရက်ခန့် ကြာနေခြင်း ဖြစ်ပါတယ်။
ဝမ်းနှုတ်ဆေးသောက်၍ ဝမ်းသွားအောင် ပြုလုပ်ခြင်းသည် အကျင့်ပါသွားတတ်ပြီး ကျန်းမာရေးကို
ထိခိုက်စေပါတယ်။
အမေရိကန်နိုင်ငံ တစ်နိုင်ငံမှာပဲ နှစ်စဉ်ဝမ်းနှုတ်ဆေး ရောင်းချရမှု ပမာဏမှာ ဒေါ်လာ သန်း ၂၀၀ ခန့် ရှိပါတယ်။
မည်သည့် ဝမ်းနှုတ်ဆေးကိုမဆို မကြာခဏ သုံးစွဲ မယ်ဆိုရင် အစာချေလမ်းကြောင်းရှိ အစာအိမ်နှင့် အူများ၏ ပုံမှန်လုပ်ငန်းကို အနှောင့်အယှက် ဖြစ်စေခြင်း၊ ကိုယ်တွင်း၌ ပိုတတ်စီယမ်ဓါတ် လျှော့နည်းလာပြီး အူများ အလုပ်မလုပ်၊ မလှုပ်ရှားတော့ဘဲ ဝမ်းနှုတ်ဆေး မသောက်ပါက ဝမ်းမသွားတဲ့ အခြေအနေမျိုးရောက်ကာ ဝမ်းနှုတ်ဆေး စွဲသွားတတ်ပါတယ်။
အောက်ပါအခြေအနေများမှ လွဲ၍ ဝမ်းနှုတ်ဆေး၊ ဝမ်းပျော့ဆေးများကို ရှောင်ရှားသင့်တယ်ဟု ဆေးပညာရှင်များက အကြံပြုထားပါတယ်။
၁။ ဝမ်းချုပ်သဖြင့် ဝမ်းကိုညှစ်ပြီး အားစိုက်ရပါက
ရောဂါတစ်ခု၏ အခြေအနေကို ပိုမို ဆိုးရွားလာစေ
နိုင်သည့် အခါမျိုး(ဥပမာ-နှလုံးသွေးကြောကျဉ်းပြီး ရင်ဘတ်အောင့်သည့်ရောဂါရှိခြင်း)
၂။ ဝမ်းချုပ်ပါက (သို့မဟုတ်) ဝမ်းမာနေပါက စအိုမှ သွေးယိုစီးမှု ဖြစ်ခြင်း။ (ဥပမာ-လိပ်ခေါင်းရောဂါ)
၃။ ဆေးဝါး တစ်ခုခုကြောင့် ဝမ်းချုပ်သည့် အခါမျိုး။
၄။ သန်ချပြီးနောက် အူထဲမှ သန်ကောင်များ အပြင်သို့ ထွက်စေရန် လိုအပ်သည့် အခါမျိုး။
၅။ ခွဲစိတ်ရန်(သို့မဟုတ်) အူဓါတ်မှန်ရိုက်ရန်အတွက် အူလမ်းကြောင်း၌ မစင်အညစ်ကြေးများ မရှိစေရန် လိုအပ်တဲ့ အခါတွေမှသာ ဝမ်းနှုတ်ဆေးကို သုံးစွဲသင့်ပါတယ်။
ဝမ်းမချုပ်စေဖို့
===========
၁။ အမျှင်ဓာတ်ပါသော အစားအစာများ စားသုံးပေးရမယ်။ ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်၊ ဂေါ်ဖီ ထုပ်၊ သရက်သီး၊ နာနတ်သီး၊ လိမ္မော်သီး၊ ဖရဲသီး၊ စပျစ်သီး၊ ဌက်ပျောသီး စတာတွေထဲက တမျိုးမျိုးကို ပုံမှန်စားသုံးရမယ်။ မှန်ညင်းရွက်ကိုလည်း စားသုံးသင့်ပါတယ်။
၂။ နံနက်အိပ်ယာထ၌ ရေရိုးရိုးကို ဗိုက်တင်းအောင် သောက်ခြင်း၊ ရေနွေးနွေး တစ်ခွက်သောက်ခြင်း၊ ကော်ဖီပူပူ တစ်ခွက်သောက်ခြင်းနှင့် လိမ္မော်ရည် လတ်လတ်ဆတ်ဆတ် ၁ ခွက်သောက်ခြင်းတို့ကလည်း ဝမ်းမှန်စေပါတယ်။
၃။ စပျစ်သီးစားခြင်းကလည်း ဝမ်းကို မှန်စေပါတယ်။ စပျစ်သီးမှာ ဝမ်းကို ပျော့စေတတ်တဲ့ ဓါတ် ၁ မျိုး ပါရှိပါတယ်။
၄။ ကိုယ်လက်လှုပ်ရှားမှု ကျန်းမာရေးလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကလည်း ဗိုက်အတွင်းရှိ အူများ လှုပ်ရှားမှုကို အားပေးသဖြင့် ဝမ်းကို မှန်စေပါတယ်။ ကျန်းမာရေး လေ့ကျင့်ခန်းများ ပြုလုပ်ပြီး ရေ အဝ သောက်ပေးခြင်းဖြင့် ဝမ်းနှုတ်ဆေး မသုံးရဘဲ အချိန်တိုအတွင်း ဝမ်းသွားစေပါတယ်။
ခေတ်ပညာတတ် လူငယ်များအနေဖြင့် ဝမ်းသွားခြင်းနှင့် ပတ်သက်သော မှန်ကန်သည့် အယူအဆများကို သိရှိနားလည်စေရန် မျှဝေပေးပါတယ်။
crd
# ဒေါက်တာ အောင်မော်
ကျန်းမာစေကြောင်း နည်းလမ်းကောင်းများ