ပင်လယ်ပြင်ပေါ် လေထီးစီးခြင်းကို ချောင်းသာကမ်းခြေမှာလုပ်နိုင်

ဖူးခက်၊ ပတ္တယား၊ ဘာလီကျွန်း ကမ်းခြေများမှာကဲ့သို့ မြန်မာနိုင်ငံရှိ ပြည်တွင်းခရီးသွားများ အများဆုံး သွားရောက် လည်ပတ်ရာ ချောင်းသာကမ်းခြေမှာလည်း ပင်လယ်ပြင်ပေါ်လေထီးစီးခြင်း (ပါရာဆေးလ်လင်း-parasailing) လုပ်ဆောင်နိုင်ပြီလို့ ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန (ချောင်းသာ) ကနေ သိရပါ တယ်။ လေထီးစီးခနှုန်းထားကိုတော့   တစ်ဦးကို   ကျပ်တစ်သိန်းသတ်မှတ်ထားပြီး အချိန် ၅ မိနစ်ကနေ ၈ မိနစ် အထိ ကြာမြင့်မှာဖြစ်သလို ပင်လယ်ကြီးကို ကောင်းကင်ပေါ်အပေါ်စီးမှ ငုံ့ကြည့်ရတဲ့ ခံစားမှုမျိုးရရှိနိုင်မှာ ဖြစ်ပါ တယ်။
လေထီးဆွဲကြိုးများကိုလည်း ခံနိုင်ဝန်ဆွဲအား ပေါင် ၆,၀၀၀ ခန့်ရှိ ကြိုးများကိုအသုံးပြုထားကာ လေထီး စီးတဲ့ ဧည့်သည်ကို အသက်ကယ်အင်္ကျီဝတ်ဆင်စေပြီး ပင်လယ်ပြင်တစ်လျှောက် ရေလွှာစီးဆိုင်ကယ် (Jet Ski) နှစ်စီး ကလည်း အရန်လိုက်ပါပေးထားကြောင်း သိရပါတယ်။
လေထီးစီးခြင်းကို ကိုယ်အလေးချိန် ပေါင် ၂၈၀ အောက်ရှိသူများသာ စီးနင်းနိုင်မှာဖြစ်ပြီး ကျန်းမာရေးပိုင်း ဆိုင်ရာ စစ်ဆေးပြီးနောက်  စီးနင်းမည့် ဧည့်သည်မှ သဘောတူကြောင်းကို လက်မှတ်ရေးထိုးပြီးမှသာ လေထီးစီးခြင်း ဝန်ဆောင်မှုကို ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ လေထီးစီးခြင်းအတွက် စမ်းသပ် လုပ်ဆောင်မှု  သုံးလခန့်ကြာမြင့်ခဲ့ပြီးနောက် ယခုလို စတင်အကောင်အထည် ဖော်ခဲ့တာဖြစ်ပြီး ရေကြောက်တဲ့သူတွေလည်း ရေမစိုဘဲ လေထီးစီးခြင်းကို  ပြုလုပ်နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။
ယခင်က ချောင်းသာကမ်းခြေမှာ Speed Boat စီးခြင်း၊ ငှက်ပျောသီးလှေ(Banana boat) အပျော်စီးခြင်း တွေကိုသာ လုပ်နိုင်ကြပေမယ့် ယခုဆိုရင် ပင်လယ်ပြင်ပေါ်လေထီးစီးခြင်းကိုပါ လုပ်ဆောင်နိုင်တော့မှာ ဖြစ် တယ်လို့ သိရပါတယ်။ အဆိုပါ ပင်လယ်ပြင်ပေါ်လေထီးစီးခြင်း အစီအစဉ်ကိုတော့ ချောင်းသာကမ်းခြေ အခြေစိုက် နိုင်ငံပိုင် နယူးချောင်းသာဟိုတယ်နဲ့ Best Ocean Bay(BOB)တို့မှ အကျိုးတူပူးပေါင်းပြီး စတင် အကောင်အထည်ဖော်တာဖြစ်ကြောင်း သိရပါတယ်။
ချောင်းသာကမ်းခြေဟာ ပင်လယ်စာပေါများပြီး၊ အခြားကမ်းခြေများထက် ကုန်ကျစရိတ်သက်သာတာ ကြောင့်   ပြည်တွင်းခရီးသွားတွေ အများဆုံးလည်ပတ်ရာနေရာဖြစ်ပြီး နေ့ချင်းပြန် လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေရှိသလို စည်ပင်ရိပ်သာနှင့် ဟိုတယ်တွေမှာ ညအိပ်ညနေ တည်းခိုတဲ့ခရီးသွားဧည့်သည် ဝင်ရောက်မှုဟာလည်း တစ်ရက်လျှင် ပျမ်းမျှဧည့်သည် ၄,၀၀၀ နီးပါးအထိရှိတယ်လို့ သိရပါတယ်။

#PAN