လီဗာပူးပစ်မှတ် ဆိုဘော့ဇ်လိုင်းက ဟာလန်းလိုပဲ ထက်မြက်တယ်လို့ နည်းပြဟောင်း ထောက်ခံ

ဂျီစီမက်ရှ်ဟာ ဆဲလ်ဘတ်အသင်းကို တာဝန်ယူစဉ်မှာ ဟာလန်းနဲ့ ဆိုဘော့ဇ်လိုင်းဆိုတဲ့ ချာတိတ်လေးနှစ်ယောက်ကို ကိုင်တွယ်ခဲ့ဖူးပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီမှာ စံချိန်ရှင်ဂိုးသွင်းသူအဖြစ် မှတ်တိုင်စိုက်ထူခဲ့သလို သူနဲ့တွဲဖက်ဖြစ်ခဲ့ဖူးတဲ့ ကွင်းလယ်လူ ဆိုဘော့ဇ်လိုင်းဟာလည်း နော်ဝေကြယ်ပွင့်လိုပဲ ထက်မြက်တယ်လို့ ဂျီစီမက်ရှ်က ချီးကျူးလာတာဖြစ်တယ်။

လက်ရှိမှာတော့ ဟန်ဂေရီလက်ရွေးစင်ကို လီဗာပူးအသင်းက ပစ်မှတ်ထားနေပြီး ကြိုးကြာနီတာဝန်ရှိသူတွေဟာ ဆိုဘော့ဇ်လိုင်းရဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေနဲ့တွေ့ဆုံခဲ့တယ်လို့ သတင်းထွက်နေပါတယ်။ လိုက်ပ်ဇစ်နဲ့ ဆိုဘော့ဇ်လိုင်းတို့ရဲ့စာချုပ်ဖျက်သိမ်းကြေးက ပေါင်သန်း ၆၀ လို့ယူဆထားပြီး လီဗာပူးအသင်းက သူ့ကိုရဖို့အတွက်တော့ အများကြီးကြိုးစားရဦးမှာဖြစ်တယ်။ ဆိုဘော့ဇ်လိုင်းဟာ ပြီးခဲ့တဲ့ရာသီမှာ လိုက်ပ်ဇစ်အတွက် ပြိုင်ပွဲစုံ ၄၆ ပွဲကစားပေးခဲ့ပြီး သွင်းဂိုး ၁၀ ဂိုးနဲ့ ဖန်တီးမှု ၁၃ ကြိမ်လုပ်နိုင်ခဲ့ပါတယ်။

ဆိုဘော့ဇ်လိုင်းနဲ့ပက်သတ်လို့ နည်းပြဟောင်း ဂျီစီမက်ရှ်က “အရည်အချင်းအရတော့ သူ့နေရာမှာပိုကောင်းအောင်ကစားနိုင်သူ အများကြီးမရှိပါဘူး။ တစ်ချို့ကစားသမားတွေဟာ သန်မာတယ်၊ နည်းစနစ်ကောင်းတယ်၊ နည်းဗျူဟာအရကောင်းတယ်၊ ကောင်းကောင်းခုခံနိုင်တယ်၊ အပြေးမြန်တယ်။ ဆိုဘော့ဇ်လိုင်းကတော့ ဒါတွေအားလုံးပေါင်းစပ်ထားတဲ့ ကစားသမားဖြစ်တယ်။ သူက ဟာလန်းလိုပဲအရည်အချင်းရှိသူပါ” လို့ ချီးကျူးထားပါတယ်။