လိုင်းလင်းပီတွင် ချင်းတော်လှန်ရေးအဖွဲ့ချင်း ပစ်ခတ်မှုဖြစ်၊ ၂ ဦး သေဆုံး

ချင်းပြည်နယ် မတူပီမြို့နယ်၊ လိုင်လင်းပီမြို့အနီး ယမန်နေ့ (ဇန်နဝါရီ ၂၄) နံနက်ပိုင်းက ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ကာကွယ်ရေးအဖွဲဝင် ၂ ဦး သေဆုံးခဲ့သည်။

အဆိုပါမြို့မှအထွက် ၄ မိုင်ခန့်အကွာတွင် ပစ်ခတ်မှုဖြစ်ကာ CNA တပ်ကြပ်တစ်ဦး၊ ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF – Mara) တပ်ခွဲမှူး သေဆုံးကာ CDF-Mara အမှတ် (၃) တပ်ရင်းမှ ဒုတပ်ရင်းမှူးဆိုသူ ဒဏ်ရာရရှိခဲ့သည်။

CNA, CDF Mara နှင့် ချင်းတော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော မရာလဲန်းကာကွယ်ရေးအဖွဲ့ ( Maraland Defense Force – MDF) တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အင်အား ၁၀ ဦး ဝန်းကျင်ခန့်ရှိ CNA နှင့် CDF တို့၏ ဂိတ်စခန်းကို MDF အဖွဲ့က လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ရာ ယင်းမတိုင်မီ မရာမျိုးနွယ်စု လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သော CDF Mara မှ ဗျူဟာမှူးအပါအဝင် ၄ ဦးကို MDF က ဖမ်းဆီးထားခဲ့ပြီး ယခုရက်ပိုင်းအတွင်း နောက်ထပ် CDF အဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံရကာ ထို ၂ ဦးအနက် တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု CDF ဘက်မှ သိရသည်။

ထိုအချိန်ကတည်းက နှစ်ဖက်တင်းမာနေပြီးနောက် ယမန်နေ့တွင် ချင်းတော်လှန်ရေးအဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံထားရဆဲဖြစ်သည့် CDF ၅ ဦး၏  အခြေအနေအသေးစိတ်ကို မသိရသေးကြောင်း၊ တိုက်ခိုက်မှုများကို တုံ့ပြန်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။