ရှမ်းပြည်နယ် ဂုတ်တွင်း အဆင်းမှာ တံတားအောက် အိမ်စီးကား ၁စီး ပြုတ်ကျ

ရှမ်းပြည်နယ် ကျောက်မဲမြို့ ဂုတ်တွင်း အဆင်းမှာ ၁၅ ပေ မြင့်တဲ့ တံတားအောက် အိမ်စီးကား ၁စီး စလစ်ဖြစ်ပြီး ပြုတ်ကျလို့ ၂ ဦး ထိခိုက်တယ်လို့ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း (နောင်ပိန် )မှ သိရပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့နံနက်(၉)နာရီ(၃၀)မိနစ်က ကျောက်မဲမြို့ ပြည်ထောင်စုလမ်းမကြီး၊ဂုတ်တွင်းအဆင်း၊ကျောက်မဲရေကန် ရှုခင်းသာ အကျော် တံတားတွင် အိမ်စီးကတစ်စီး၊(၁၅)ပေခန့်အမြင့်ရှိသော တံတားအောက်သို့လမ်းချော၍စလစ်ဖြစ်ပြုတ်ကျသွားတာ ဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်ကို တာဝန်သိ ကားဆရာတစ်ဦးမှ ဖုန်းဆက်အကြောင်းကြားလာသဖြင့် ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း လူနာတင်ယာဉ် (၂)စီး ဖြင့် အချိန်နှင့်တပြေးညီ သွားရောက်ကူညီကယ်ဆယ်ပေးခဲ့ပြီး ဖြစ်ပွားရာ နေရာမှ ဒဏ်ရာရ အမျိုးသား ၁ဦးနဲ့ အမျိုးသမီး ၁ ဦးတို့အား နောင်ပိန်တိုက်နယ် ပြည်သူ့ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တံတားအကွေ့တွင် ကားကြီးများ ဘီးရေဖျန်း ဆင်းထားသဖြင့် လမ်းပေါ်တွင် ရေများရွဲစို နေသဖြင့် ကားငယ်များ သတိထား မောင်းနှင်သင့်တယ်လို့လည်းကမ်းလင့်လက်များ လူမှုကူညီရေးအသင်းက သတိပေးထားပါတယ်။