ရွှေတိဂုံပုံတူစေတီ ပါဝင်မည့် ဗုဒ္ဓဥယျာဉ်တော်ကြီး စပိန်နိုင်ငံတွင် တည်ဆောက်မည်

စပိန်နိုင်ငံတွင် အကောင်အထည်ဖော်မည့် မဟာကရူနာ စီမံကိန်းနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာ အခြေခံသည့် အာရှ-ဥရောပ ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်သည် လုမ္ဗနီဥယျာဉ် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Jose Maunel Vilanova Aleman ဦးဆောင်သော ကိုယ်စားလှယ်အဖွဲနှင့် တွေ့ဆုံခဲ့ကြောင်း နိုင်ငံတကာ ဗုဒ္ဓဘာသာပညာရေးဌာန (IBEC) ၏ ကျောင်းအုပ်နှင့် စတော့ဟုမ်း ကမ္ဘာ့ငြိမ်း ချမ်းရေး ဆုရှင် ဗုဒ္ဓဘာသာ ဆရာတော် ဒေါက်တာ အရှင်သောဘိတ၏ မိန့်ကြားချက်အရ သိရသည်။

အဆိုပါ အစည်းအဝေးပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်တွင် နေပြည်တော်ရှိ ဝန်ကြီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

လုမ္ဗနီဥယျာဉ်ဖောင်ဒေးရှင်းဥက္ကဋ္ဌက စေတီပုထိုးများ၊ ဘာသာရေးဆိုင်ရာ အ ဆောက်အအုံများ ဆောက်လုပ်မည့် အစီအစဉ်ကို ရှင်းပြခဲ့ကြောင်း သိရသည်။

စပိန်အစိုးရက မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ဘူတန် နှင့် ထိုင်းနိုင်ငံတိုမှ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်အပါအဝင် စေတီ၊ ပုထိုးတော်များကို တည်ဆောက်ရန် စပိန်နိုင်ငံ Caceres Holy Land မြိုတွင် အမြင့် ၄၇ မီတာ၊ မြေဧရိယာ ၁၁ဝ ဟက်တာခန့် ခွင့်ပြုချက်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။

စီမံကိန်း၌ မြန်မာနိုင်ငံတွင် ထင်ရှားသော ရွှေတိဂုံစေတီတော်ပုံတူတော်ကို တည် ဆောက်ရန်အတွက် ဆရာတော် ဒေါက်တာ အရှင်သောဘိတအား ဒါရိုက်တာအဖြစ် ခန့်အပ်ထားကြောင်း သိရသည်။

မဟာကရူနာ စီမံကိန်းကို ၂ဝ၁၈ ခုနှစ်မှ စတင်ရေးဆွဲခဲ့ပြီး ဆောက်လုပ်ရေးကာ လသည် (၁၅)နှစ်အဖြစ် လျာထားကြောင်း သိရသည်။

စီမံကိန်းတွင် မြန်မာ၊ ထိုင်း၊ နီပေါနှင့် ထိုင်းစသည့် ထေရဝါဒ ဗုဒ္ဓဘာသာ ကိုး ကွယ်သည့် နိုင်ငံများမှ စေတီများနှင့် ဘာသာရေး အဆောက်အအုံများကို ဦးစား ပေး ဆောက်လုပ်မည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားချက်အရ သိရသည်။

မြန်မာနိုင်ငံမှ စေတီပုထိုးများနှင့် သာသနာ့အဆောက်အအုံများ၏ ပုံတူများကို စပိန်နိုင်ငံတွင် ဆောက်လုပ်ခွင့် ရရှိခြင်းကြောင့် မြန်မာနိုင်ငံအကြောင်း ပိုမိုသိရှိလာပြီး မြန်မာ့ခရီးသွားလုပ်ငန်းကိုလည်း မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

အလားတူ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က မြန်မာ-နီပေါနှင့် စပိန်ဘုရားဖူးခရီးစဉ် ဖွံဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အခွင့်အလမ်းများ ပံ့ပိုးပေးမည့် စီမံကိန်းကို ကြိုဆိုကြောင်း၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရန်နှင့် ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ဗုဒ္ဓဘာသာ ပြန့်ပွားရေးအတွက် အဖက်ဖက်မှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။