ရေသောက် ခြင်း၏ အကျိုးကျေးဇူးများ

ရေသောက် ခြင်းဟာ နေ့စဉ်ကြုံနေကျ ရိုးစင်းတဲ့အရာဖြစ်တာမို့ သိပ်ပြီးထူးထူးထွေထွေ သဘောမထားမိကြပါဘူး။ တကယ်တော့ ရေသောက်ခြင်းမှာ အကျိုးကျေးဇူးများစွာရှိကြောင်း သိပ္ပံနည်းကျ သုတေသနတွေအရ သိရှိရပါတယ်။

လူသားတို့ရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်ဟာ ၆၀ ရာခိုင်နှုန်းပါဝင်ဖွဲ့စည်းထားပါတယ်။ အခြေခံဆဲလ်များအတွက် မရှိမဖြစ်တဲ့ အရာပဲဖြစ်ပါတယ်။ တစ်နေ့ကို ရေဖန်ခွက် ၈ခွက်ခန့် သောက်သုံးသင့်ကြောင်း ဆိုထားပါတယ်။ ရေဓာတ်ကို ကိုယ်ခန္ဓာကနေ လျော့နည်းမသွားစေဘဲ နည်းမျိုးစုံနဲ့ ဖြည့်တင်းထားသင့်ပါတယ်။

ယခုဆက်လက်ဖော်ပြမှာကတော့ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။

ရေသောက် ခြင်း၏ အကျိုးကျေးဇူးများ

ရေသောက် ခြင်း၏ အကျိုးကျေးဇူးများက

၁။ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်နိုင်ခြင်း

ရေဓာတ်ခန်းခြောက်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုတွေကို ထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းပြုလုပ်နေချိန်နဲ့ ရာသီဥတုပူပြင်းချိန် ဖြစ်ပါတယ်။ ကိုယ်ခန္ဓာထဲက ရေဓာတ် ၂%ခန့် လျော့နည်းသွားရင်တောင် ရေဓာတ်ခန်းခြောက်ခြင်းကို သိသိသာသာ ခံစားရမှာ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာအပူချိန် ပြောင်းသွားခြင်း၊ အလုပ်ကို စိတ်ပါလက်ပါ မလုပ်နိုင်တော့ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စတာတွေ ခံစားလာရမှာ ဖြစ်ပါတယ်။ ရေဓာတ်ကို ဖြည့်တင်းထားခြင်းအားဖြင့် အဆိုပါပြဿနာတွေကနေ ကာကွယ်ပေးနိုင်ပြီး ဖိစီးမှုတွေကို လျော့ကျစေပါတယ်။

၂။ ဦးနှောက်လုပ်ငန်းများကောင်းမွန်စေခြင်း

ရေဓာတ်ပြည့်ဝမှုရှိမရှိဟာ ဦးနှောက်အပေါ် သက်ရောက်မှု ရှိပါတယ်။ ကိုယ်ခန္ဓာရဲ့ ၁-၃%လောက် ရေဓာတ်ဆုံးရှုံးရင်တောင် ဦးနှောက်လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်ပါတယ်။ သုတေသနတခုရဲ့ ဖော်ပြချက်အရ ရေဓာတ် ၁.၅၉% ဆုံးရှုံးတဲ့အခါ မှတ်ဉာဏ်ပိုင်း ထိခိုက်ခြင်း၊ စိတ်ပူပန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စတာတွေ ဖြစ်လာပြီး လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို ထိခိုက်လာစေပါတယ်။

၃။ ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း

ရေဓာတ်ခန်းခြောက်တဲ့အခါ ခေါင်းကိုက်ခြင်း၊ ခေါင်းတခြမ်းကိုက်ခြင်း စတဲ့ပြဿနာတွေ ကြုံလာတတ်ပါတယ်။ ရာသီဥတုပူပြင်းတဲ့အခါ ရေများများသောက်ဖို့ လိုပါတယ်။ ရာသီဥတုကြောင့် ရေဓာတ်ခန်းခြောက် ခေါင်းကိုက်ခြင်းကို သက်သာသေစေပါလိမ့်မယ်။

၄။ ဝမ်းချုပ်မှုကို သက်သာစေခြင်း

ရေဓာတ်နည်းပါးလာရင် ဝမ်းချုပ်လာတတ်ပြီး အူလမ်းကြောင်း လှုပ်ရှားမှုနည်းသွားခြင်း၊ ဝမ်းသွားရန် ခက်လာခြင်း၊ ဝမ်းမာခြင်း စတာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဝမ်းချုပေးတဲ့အခါ ရေများများသောက်ဖို့ လိုပါတယ်။ အူလမ်းကြောင်းထဲမှာ ချောမွေ့နိုင်စေဖို့ ဖြစ်ပါတယ်။

၅။ ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း

ဆီးကျောက်များဟာ ဆီးလမ်းကြောင်းထဲမှာ သတ္တုဓာတ်ပုံဆောင်ခဲတွေ စုပုံလာရာကနေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဆီးကျောက်အများစုဟာ ကျောက်ကပ်အတွင်းမှာ ဖြစ်ပေါ်တတ်ပါတယ်။ ရေများများသောက်ခြင်းဟာ ဆီးလမ်းကြောင်းမှာ သတ္တုဓာတ်တွေ အနည်မထိုင်အောင် အထောက်အကူပြုပါတယ်။ အဲဒီနည်းနဲ့ ဆီးကျောက်တည်ခြင်းကို ကာကွယ်နိုင်စေပါတယ်။

၆။ အရက်အမူးလွန်ခြင်းကနေသက်သာစေခြင်း

အရက်သောက်တာများသွားရင် နေရထိုင်ရမကောင်းတဲ့ ခံစားမှုတွေ ဖြစ်ပေါ်လာစေပါတယ်။ အယ်လ်ကိုဟောဟာ ဆီးသွားများစေတာကြောင့် ရေဓာတ်ကို ဆုံးရှုံးနိုင်စေပါတယ်။ အရက်သောက်များသွားရင် ရေငတ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အာခြောက်ခြင်း စတာတွေ ခံစားလာရပါတယ်။ ဒီလိုမဖြစ်အောင် အရက်သောက်နေချိန်မှာလည်း ရေကိုပါ သောက်ပေးနေဖို့ လိုပါတယ်။ အိပ်ရာမဝင်ခင်လည်း ရေတဖန်ခွက် အဝသောက်သင့်ပါတယ်။

၇။ ရေများများသောက်ခြင်းဖြင့် ကိုယ်အလေးချိန်ကျရာမှာ အထောက်အကူပြုခြင်း

ရေများများသောက်တဲ့အခါ ဗိုက်ပြည့်စေပြီး ဇီဝဖြစ်ပျက်မှုကိုလည်း မြန်ဆန်စေပါတယ်။ သုတေသနတစ်ခုမှာ ရေလီတာဝက်သောက်တဲ့အခါ ဇီဝဖြစ်ပျက်မှုကို ၂၄-၃၀%နဲ့ ၁.၅ နာရီထိ ပိုမိုမြန်ဆန်သွားစေကြောင်း သိရပါတယ်။ တနေ့ကို ရေနှစ်လီတာသောက်ခြင်းဟာ ၉၆ ကလယ်လိုရီခန့်ကို လောင်ကျွမ်းစေနိုင်ပါတယ်။