ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဓာတ်ပုံရိုက်ကူးတာတွေ လုပ်ခဲ့ပြီးဖြစ်တဲ့ ဘယ်လင်ဟမ်

ဘယ်လင်ဟမ်ကတော့ ရီးရဲလ်မက်ဒရစ် ကစားသမားဖြစ်လာခဲ့ပါပြီ။ တရားဝင်ထုတ်ပြန်တာမျိုးမရှိသေးပေမယ့် အသင်းနဲ့အတူ ဓာတ်ပုံရိုက်ကူးတာတွေ လုပ်ခဲ့ပြီးပြီလို့ ယူဆရပါတယ်။ ရီးရဲလ်ကို သူ ပြောင်းရွှေ့နိုင်ခဲ့​ပြီဆိုရင်တော့ ကန်းနင်းဟမ်၊ မက်မာနာမန်၊ ဒေးဗစ်ဘက်ခမ်း၊ အိုဝင် နဲ့ ၀ုဒ်ဂိတ်တို့ပြီးရင် ရီးရဲလ်အတွက် ကစားပေးနိုင်တဲ့ ၆ ဦးမြောက် အင်္ဂလန်သား ဖြစ်လာတော့မှာပါ။

အင်္ဂလန်သားတွေ ပြည်ပမှာဆို မအောင်မြင်ဘူးဆိုတဲ့ အစဉ်အလာကို ဘယ်လင်ဟမ်က ဒေါ့မွန်မှာ ဖြိုဖျက်ပြပြီးပါပြီ။ ရီးရဲလ်အတွက် အင်္ဂလန်သားတွေ ကစားပေးခဲ့ပေမယ့်လည်း ထင်သလောက်မဟုတ်ခဲ့ပါဘူး။ ဘက်ခမ်းဆိုလည်း ယူနိုက်တက်မှာတုန်းက ပြသခဲ့တဲ့ ခြေစွမ်းမျိုးကို ရီးရဲလ်မှာ အများအားဖြင့် မပြနိုင်ခဲ့ပါဘူး။ ဒီလို မှတ်တမ်းဆိုးတွေကိုလည်း ဘယ်လင်ဟမ် ချေဖျက်ပြဦးမလား ကြည့်ရပါတော့မယ်။

ကွင်းလယ်ပိုင်းမှာ မာမာထန်ထန်ကစားနိုင်ပြီး တိုက်စစ်လိုက်ပါပုံမှာ တော်တော်လေးကောင်းတဲ့ ဘယ်လင်ဟမ်က လာမယ့်ရာသီမှာ ရီးရဲလ်ရဲ့ အဓိကကွင်းလယ်လူတောင် ဖြစ်လာဖွယ်ရှိနေတာပါ။ မိုဒရစ်၊ခရူးစ်တို့နေရာကို သူ ကောင်းကောင်းဖြည့်ဆည်းပေးနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

crd;