ရန်ကုန်မြို့တွင် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကျင်းပ

မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်၏ ကြီးကြပ်မှုဖြင့် ANS#1  ကကျင်းပသည့် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီတွင်  ရန်ကုန်မြို့   သိမ်ဖြူလမ်းရှိ သိမ်ဖြူလက်ဝှေ့ အားကစားရုံတွင်ကျင်းပခဲ့ပါတယ်။

သုံးချီပြိုင်ပွဲတွင် ဒေါင်းဆန်းလေး(ဒေါင်းမြန်မာ)နှင့် မြင့်မြတ်ဦး(တော်ဝင်ဧရာ)၊  ဒေါင်းသဲလေး(ဒေါင်းမြန်မာ)နှင့် နာဂမင်း (Fighting Fight)၊ ဆလိုင်းထန်ခွီးရှိန်(ဇွဲမြန်မာ)နှင့် အောင်လေး (Eagle Club)၊ ဗိုလ်မထား(တော်ဝင်ဧရာ)နှင့် စိုးလင်းထွန်း(APT)၊ ရှိုင်းထက်(ဇာထက် မိတ္ထီလာ)နှင့် ညိုနိုင်ဝင်း(လုံးချော)၊ လေးချီပြိုင်ပွဲတွင်   ကဆောထူး(ရိုးရာကျား)နှင့် အောင်ထက်ဦး (ဒို့ရိုးရာ)၊ စောရှောလမုန် (ရိုးရာကျား)နှင့်      မဟူရာ(ဖီးနစ်)၊ စောငမောက်(ဒို့ရိုးရာ)နှင့် ရဲလင်းဦး(Smart Fight)တို့အသီးသီး ယှဉ်ပြိုင်ထိုးသတ် ခဲ့ကြသည်။

လေးချီပြိုင်ပွဲတစ်ခုဖြစ်သည့် ကဆောထူး(ရိုးရာကျား)နှင့် အောင်ထက်ဦး(ဒို့ရိုးရာ)တို့ပွဲတွင်  အောင်ထက်ဦး၏ ခြေကန်ချက်ကြောင့် ကဆောထူး ပထမအချီမှာပင် အနားတောင်းခဲ့ရသည်။ ဒုတိယအချီတွင် အောင်ထက်ဦးက ဆက်တိုက်လိုက်ထိုးပြီး လက်သီးတွဲလုံးများနှင့်  ခြေကန်ချက်များ ကွက်တိ သုံးနိုင်ခဲ့သည့်အတွက်    ကဆောထူး အထိနာကာ  ဆက်လက် မယှဉ်ပြိုင်နိုင်ဘဲ  အောင်ထက်ဦး အနိုင်ရရှိသည်။

လေးချီပြိုင်ပွဲ  စောငမောက်(ဒို့ရိုးရာ)နှင့် ရဲလင်းဦး(Smart Fight)ပြိုင်ပွဲတွင်အနိုင်အရှုံးမပေါ်ခဲ့သည့်အတွက် ပူးတွဲသရေဖြင့်သာအဆုံးသတ်ဖြင့်လည်ကောင်း၊ စောရှော လမုန်(ရိုးရာကျား)နှင့် မဟူရာ(ဖီးနစ်)တို့ပွဲတွင် အလုံးအရွယ်တူ ဒေါက်တူနှစ်ဦး ယှဉ်ပြိုင်ခဲ့ကြရာ  ပူးတွဲသရေသာဖြစ်ခဲ့သည်။

အလားတူ သုံးချီပြိုင်ပွဲ ဗိုလ်မထား(တော်ဝင်ဧရာ)နှင့် စိုးလင်းထွန်း(APT)တို့ပွဲတွင် ဗိုလ်မထားမှ အနိုင်ရရှိခဲ့ပါတယ်။

ကျန်သုံးချီပြိုင်ပွဲများဖြစ်သည့် ဒေါင်းဆန်းလေး(ဒေါင်းမြန်မာ)နှင့် မြင့်မြတ်ဦး (တော်ဝင်ဧရာ)၊ ဒေါင်းသဲလေး(ဒေါင်းမြန်မာ)နှင့် နာဂမင်း(Fighting Fight)၊ ဆလိုင်းထန်ခွီးရှိန်(ဇွဲမြန်မာ)နှင့်  အောင်လေး (Eagle Club)၊   ရှင်းထက်(ဇာထက်မိတ္ထီလာ)နှင့် ညိုနိုင်ဝင်း(လုံးချော)တို့ပြိုင်ပွဲတွင်လည်း  ပူးတွဲသရေကျခဲ့ပါတယ်။

လက်ဝှေ့ဟန်ရေးပြဆုကို ဒေါင်းသဲလေး(ဒေါင်းမြန်မာ)က လည်းကောင်း၊  လက်ဝှေ့တွဲဆိုင်း အကောင်းဆုံးဆုကို စောငမောက်(ဒို့ရိုးရာ)နှင့် ရဲလင်းဦး (Smart Fight)တို့က လည်းကောင်း ဆုများရရှိခဲ့ကြကြောင်း သိရှိရပါတယ်။