ရခိုင်တွင် ကျန်းမာရေးစောင့်ရှောက်မှု အရှိန်မြှင့်မည်

ရခိုင်ပြည်နယ်အတွင်းက ဒေသခံပြည်သူတွေရဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို အရှိန်အဟုန် မြှင့်ဆောင်ရွက်သွားမယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနကနေ သိရပါတယ်။ အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်သွားမယ့်အခြေအနေနဲ့ပတ်သက်လို့ ပြည်နယ်အစိုးရ အဖွဲ့နဲ့လူမှုရေးအဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေ၊ ဒေသခံပြည်သူတွေကို အသိပေးရှင်းလင်းတာတွေပြုလုပ်ခဲ့ ပါတယ်။

အခမ်းအနားကို ဇူလိုင် ၁၃ ရက်က စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ပရဝဏ်အတွင်းရှိ သာသနာ့ဗိမာန်မှာ ကျင်းပခဲ့တာပါ။ အခမ်းအနားကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနဲ့ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး တွေ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ဒေသခံပြည်သူတွေ၊ မိတ်ဖက်အဖွဲ့ အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။

အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းထဲမှာ မိခင်နဲ့မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ကလေးကျန်းမာရေးဖွံ့ဖြိုးရေးလုပ်ငန်း၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးလုပ်ငန်း၊ ကာကွယ်ဆေး ထိုးနှံတဲ့လုပ်ငန်း၊ ကာကွယ်ဆေးနဲ့ကာကွယ်လို့ရတဲ့ရောဂါတွေအပါအဝင် ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုတာနဲ့ (HIV)၊ တီဘီ၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး စတဲ့ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေ ပါဝင်တာဖြစ် ပါတယ်။

အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုမြို့ပေါ်တစ်ခုတည်းဆောင်ရွက်နေလို့မရဘဲ ကျေးလက်တွေ မှာလည်း လုပ်ကိုင်ဖို့ လိုအပ်နေသေးတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာကြည်လွင်က ပြောပါတယ်။

အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ပြီး ပြည်သူလူထုနဲ့အတူ ပူးပေါင်းဆောင်ရွက် တာကြောင့် ကြိုတင်ကာကွယ်ရတဲ့ရောဂါဖြစ်ပွားမှုနှုန်း၊ ဆေးရုံတက်ရောက်မှုနှုန်းတွေနဲ့ သေဆုံးမှုနှုန်းတွေကျ ဆင်းလာပြီး ဆေးကုသမှုကုန်ကျစရိတ်တွေလည်း လျော့နည်းလာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Source; ONE news