ယောဂကျင့်ခြင်းနှင့် ပတ်သတ်၍ သိကောင်းစရာ

ယောဂရဲ့ ကျင့်ခြင်းရဲ့ အကျိုးကျေးဇူးကဘာလဲ?

ယောဂရဲ့ပန်းတိုင်ကတော့ ခန္ဓါကိုယ်၊ စိတ်နဲ့၊ ဝိဉာဉ်တို့ကို ညီညွတ်မျှတအောင် ပြန်လည်ထိန်းသိမ်းဖို့ပါပဲ။ ယောဂလေ့ကျင့်ခြင်းဟာ ခန္ဓါကိုယ်ကို ကြံ့ခိုင်စေတယ်၊ စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေတိုးလာ စေတဲ့အပြင် အာရုံစူးစိုက်မှုကိုလည်း ပိုအားကောင်းစေပါတယ်။ သိပ္ပံရှုထောင့်ကကြည့်မယ်ဆိုလည်း ယောဂကပေးစွမ်းနိုင်တဲ့ကောင်းကျိုးတွေဟာ အများကြီးရှိနေပါတယ်။ ယောဂဟာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ တိုးတက်ကောင်းမွန်စေပါတယ်။ ယောဂအနေအထားတွေဟာ ခန္ဓါကိုယ်ကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။

အထူးသဖြင့်တော့ အောက်ပိုင်းတွေဖြစ်တဲ့ ခြေချင်းဝတ်နဲ့ ဒူးတွေပါ။ သင့်ရဲ့ မျှခြေကိုလည်း ထိန်းပေးနိုင်တာကြောင့် ချော်လဲကျတာတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမဲ့ ယောဂကျင့်နေစဉ်မှာ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ပြုတ်ကျ၊ လဲကျခဲ့တယ်ဆိုရင် ဆရာဝန်ပြလိုက်တာ အကောင်းဆု့းပါပဲ။ ယောဂမှာလေ့ကျင့်ရတဲ့ အနေအထားတွေဟာ နာတာရှည်ကျန်းမာရေးပြဿနာတွေရဲ့ အကျိုးဆက်တွေဖြစ်တဲ့နာကျင်ခြင်းတွေကို လျှော့ချပေးနိုင်ပါတယ်။ အဆစ်ပြဿနာတွေကိုရောပေါ့။

ယောဂကို စတင်ဖို့ ဘာတွေလိုအပ်သလဲ။

– သက်တောင့်သက်သာရှိပြီး အသက်ရှူရလွယ်ကူတဲ့ အဝတ်အစားများ။ ယောဂမှာ ဆန့်ထုတ်တာတွေအများကြီးလုပ်ရမယ်ဆိုတာ သတိရပါ။ သက်တောင့်သက်သာရှိပြီး အသက်ရှူရလွယ်မယ့် အဝတ်တွေကို ရွေးချယ်ဝတ်ဆင်ဖို့လိုပါတယ်။ အချို့သော လေ့ကျင့်ခန်းတွေမှာ သေချာလုပ်ရမယ့် ပုံစံအနေအထားတွေရှိပါတယ်။ ဥပမာ Iyengar လိုပေါ့။ ဒီလို အနေအထားမျိုးမှာဆိုရင်တော့ သင့်ရဲ့ကိုယ်နေဟန်ထားကို ဖုံးကွယ်မထားတဲ့ အဝတ်အစားမျိုးလိုပါမယ်။ ဒါမှ နည်းပြကသင့်အနေအထား မှန်မမှန်၊ မျှမမျှကြည့်လို့ရမှာပါ။ သင့်ပုံစံနဲ့ ကိုက်ညီမယ့်အဝတ်အစားကိုရှာပါ။ ခါးပတ်တွေ၊ အင်္ကျီလက်တွေနဲ့ ငြိပြီးလေ့ကျင့်ရာမှာ အနှောက်အယှက်ဖြစ်မှာတော့ သင်လည်း လိုလားမှာမဟုတ်ပါဘူး။

– ရေဘူးကောင်းကောင်း။ ဘယ်လိုလေ့ကျင့်ခန်းပဲလုပ်လုပ် အရေးအကြီးဆုံးက ရေဓါတ်ပြည့်နေဖို့ပါပဲ။ ယောဂလည်း ထိုနည်းနှင်နှင်ပါ။ လေ့ကျင့်နေစဉ်မှာ ချွေးထွက်များတာကြောင့် ရေဓါတ်ဆုံးရှုံးလာခြင်းဟာ လေ့ကျင့်နေတဲ့အချိန်မှာ ခေါင်းမူးတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ခြေထောက်တစ်ဘက်တည်းနဲ့ ရပ်နေပြီး အသက်ရှူတာကိုပါ ထိန်းချုပ်နေရမယ်ဆိုရင် ပိုပြီး မူးလွယ်ပါတယ်။ ခန္ဓါကိုယ်ကို ရေသောက်ပြီး ရေဓါတ်ပြန်ဖြည့်ပေးနေမယ်ဆိုရင်တော့ ဘယ်လိုယောဂကိုပဲ လေ့ကျင့်သည်ဖြစ်စေ၊ အာရုံစူးစိုက်မှုကို အပြည့်အဝပြန်ရစေပါတယ်။

– ကိုယ်ပိုင်ဖျာ။ ဒါကတော့ လိုအပ်ရင်ပါ။ ယောဂစတူဒီယိုအများစုက လေ့ကျင့်သူတွေအတွက် ဖျာတွေထုတ်ပေးလေ့ရှိပါတယ်။ သန့်ရှင်းမှုအတွက်တော့ ကိုယ့်ကိုယ်ပိုင်ဖျာရှိနေတာက အကောင်းဆု့းပါပဲ။ သူများတကာလည်း အကြိမ်ကြိမ်သုံးနေတဲ့ ဖျာကို ကိုယ်လည်း ဆက်သုံးရမှာက မနှစ်မြို့စရာပဲလေ။ ဒါ့အပြင် အိမ်မှာထပ်ပြီးလေ့ကျင့်ချင်သေးတယ်ဆိုရင်လည်း ကိုယ်ပိုင်ဖျာ ရှိထားသင့်တယ် မဟုတ်လား။

– ဖျာသုတ်ဝတ်။ တကယ်လို့များ hot yoga သို့မဟုတ် ဆက်တိုက်လုပ်ရတဲ့ ယောဂတွေကို လေ့ကျင့်မယ်ဆိုရင် တဘက်တစ်ထည်တော့ မဖြစ်မနေလိုပါပြီ။ ချွေးတွေနဲ့ ချောနေတဲ့ ဖျာဟာ အန္တရာယ်ကြီးပါတယ်။ ဒါ့အပြင် အာရုံစိုက်ဖို့နဲ့ ပုံစံမှန်ဖို့ ဂရုစိုက်နေတဲ့ အချိန် ကြိုးစားနေတဲ့အချိန်မှာ ချွေးတွေ မျက်စိထဲဝင်လာမှာတော့ မလိုလားကြဘူးမဟုတ်လား။ ဒါဟာ လေ့ကျင့်ဖို့ထဲ တဘက်ဘယ်လိုပါလာရတာလဲဆိုတဲ့ အကြောင်းရင်းပါပဲ။

ယောဂအဆင့်တွေက ဘာတွေလဲ။

ယောဂမှာ Beginner, Intermediate, နဲ့ Experienced ဆိုပြီး အဆင့်သုံးဆင့်ရှိပါတယ်။ ဒါတွေကို Level 1 ကနေ 3ထိ သတ်မှတ်ထားရအောင်ပါ။ ဒါပေမဲ့ ဒီတစ်ဆင့်ပြီးလို့ နောက်တစ်ဆင့်တက်ရအောင်ဆိုတဲ့ စနစ်မျိုးတော့ မရှိပါဘူး။ အချို့လူတွေဟာ Level 1 နဲ့တင် တစ်ဘဝလုံး ကုန်ဆုံးသွားတတ်ပါတယ်။ ယောဂလေ့ကျင့်နေတဲ့အချိန်မှာ သင်ဘယ်လောက်အကြောပျော့တယ်၊ ဘယ်လောက်ကွေးညွှတ်နိုင်တယ်ဆိုတာနဲ့လည်း မဆိုင်ပါဘူး။ ဒါဟာ သင်ဘယ်လောက်နားလည်လိုက်တယ်၊ ယောဂနဲ့ပတ်သက်လို့ ဘယ်လို ဗဟုသုတရှိတယ်ဆိုတာနဲ့ ယောဂကို ဘယ်လောက်လေ့ကျင့်ဖူးတယ်ဆိုတဲ့အပေါ်မူတည်ပါတယ်။

နည်းပြအများစုကတော့ Level 1 ယောဂကို ရိုးရှင်းတဲ့ ယောဂစတိုင်လ်တွေနဲ့ အခြေခံ အနေအထားတွေအတိုင်းလေ့ကျင့်ပေးကြပါတယ်။ gymnastics သို့မဟုတ် ကခဲ့ဖူးတဲ့ လူအချို့တောင်မှ Level 1 အတန်းတွေကနေသာ စပြီး လေ့ကျင့်သင့်ပါတယ်။

Level 1

ဒီအဆင့်ကတော့ ယောဂကို ဘယ်တုန်းကမှ မလေ့ကျင့်ခဲ့ဖူးသူတွေနဲ့ ဒဏ်ရာရှိသူတွေအတွက်ပါ။ ဒဏ်ရာရသူတွေအတွက်တော့ ဆရာဝန်နဲ့ နည်းပြရဲ့ ထောက်ခံချက်လိုပါတယ်။ ပြောခဲ့သလိုပါပဲ ယောဂလေ့ကျင့်သူအများစုဟာ အားလုံးကိုကျွမ်းကျင်သွားတယ်ဆိုရင်တော့ ပိုပြီးကောင်းမွန်ဖို့ Level 1 အဆင့်ကို ပြန်လာတတ်ကြပါတယ်။ ဒီအတန်းတွေက ယောဂရဲ့အခြေခံ Asana တွေ အများကြီးရယ်၊ အသုံးများတဲ့ ယောဂအနေအထားတွေကို ဘယ်လို အာရုံစိုက်ရပြီး ဘယ်လို အန္တရာယ်ကင်းအောင် ကစားရမယ်ဆိုတာတွေကို ဖြည်းဖြည်းချင်း ပြသပေးနိုင်ပါလိမ့်မယ်။

Level 2

ဒီအတန်းတွေမှာတော့ ယောဂအကြောင်း သိထားဖို့တော့ လိုလာပါပြီ။ ဒါ့အပြင် အချို့သော အနေအထားတွေမှာ ဘယ်အရာတွေက မရှိမဖြစ်လိုတာမျိုး ဥပမာ လက်တွေကို ဘယ်လို မျှတအောင်ထားမယ်ဆိုတာမျိုးတွေ သိထားဖို့လိုပါတယ်။ ဒီအတန်းကတော့ Level 1 ထက်ကို ပိုပြီး မြန်မြန်လေ့ကျင့်မှာပါ။ ဒါပေမဲ့ နှစ်ခုကြားက အနေအထားတွေတော့ ရှိနေဦးမှာပါပဲ။ ပိုပြီးအဆင့်မြင့်တဲ့ အနေထားတွေနဲ့ နည်းလမ်းတွေကို သင်ကြားပေးမှာပါ။ ဥပမာ အသက်ရှူခြင်းကို ဘယ်လိုထိန်းချုပ်မယ် ဆိုတာမျိုးပေါ့။

Level 3

နောက်ဆုံးမှာတော့ သင်ထိပ်ဆုံးကို ရောက်လာပါပြီ။ ယောဂလေ့ကျင့်မှုတွေရဲ့ အမြင့်မားဆုံးတောင်ထိပ်ပါပဲ။ ကံဆိုးတာကတော့ ဒါဟာ ယောဂလေ့ကျင့်မှုတွေရဲ့ နောက်ဆုံးအဆင့်တော့မဟုတ်ပါဘူး။ ထပ်ပြီးလေ့လာဖို့တွေ ရှိနေပါသေးတယ်။ ဒီအဆင့်မှာတော့ သင့်ခန္ဓါကိုယ်နဲ့ စိတ်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို အာရုံစိုက်ရမှာပါ။ ဒီအတန်းမှာ ကင်းမြီးကောက်ထောင်တာတွေနဲ့ အနေအထားတစ်ခုနဲ့တစ်ခုကြား သေချာ အဆုံးထိ ကွေးညွတ်ရတာတွေ ဘာတွေ ပါလာနိုင်ပါတယ်။