ယာဥ်မောင်းအိပ်ငိုက်ပြီး ထန်းပင်ဝင်တိုက်မိရာမှ ကားတစ်စီး မီးလောင်ပျက်စီး

အမြန်လမ်းတွင် ယာဥ်မောင်းအိပ်ငိုက်ပြီး ထန်းပင်ဝင်တိုက်မိရာမှ ၁၀ ဘီး ဘောက်ကားတစ်စီး မီးလောင်ပျက်စီးမှု ယနေ့မနက် ၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ ၁၈ ရက် နံနက် ၁ နာရီခွဲခန့်အချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၁၂၉/၇)အနီး ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော Hono Profia ၁၀ ဘီးဖြူ/ပြာရောင်‌ဘောက်ကားယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ထန်းပင်အား ဝင်ရောင်ပွတ်တိုက်မိကာ မီးလောင်၍ လမ်းလယ်ကျွန်းပေါ်ရောက်ရှိ ရပ်တန့်သွားခဲ့သည်ဟု သိရသည်။

ထိုသို့ ယာဥ်တိုက်မိ၍ ၁ နာရီခန့်ကြာ ယာဥ်မီးလောင်ပြီး တစ်စီးလုံးပျက်စီးသော်လည်း ယာဉ်မီးလောင်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသော ယာဉ်မောင်းအပါအဝင် အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိမှုမရှိဟုလည်း သိရသည်။