ယာဉ်မတော်တဆမှုတွေများလာတဲ့ အမြန်လမ်း

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ Scania ခရီးသည်တင် အဝေးပြေးယာဥ်တစ်စီး ယာဥ်မောင်းအိပ်ငိုက်ပြီး လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်စဥ် ဇန်နဝါရီ ၁၄ ရက် မနက် ၆ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။

ဖြစ်စဥ်က မိုင်တိုင်အမှတ်(၆၃/၇)နဲ့ (၆၄/၀)ကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကို မောင်းနှင်လာချိန် ယာဉ်မောင်းဖြစ်သူ အိပ်ငိုက်ပြီး လမ်းလယ်ကျွန်းကို ကျော်တက်ကာ တစ်ဖက်ယာဉ်ကြော လမ်းဘေးရှိသစ်ပင်ကို ဝင်ရောက်တိုက်မိရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါယာဥ်ပေါ်မှာ ယာဉ်မောင်း(၂)ဦး၊ ယာဉ်နောက်လိုက်(၂)ဦး၊ခရီးသည် အမျိုးသား(၁၆)ဦး၊ အမျိုးသမီး (၁၉)ဦး၊ စုစုပေါင်း(၃၉)ဦးလိုက်ပါလာပြီး၊ ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်းနဲ့ ယာဉ်ပေါ်ပါခရီးသည်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ယာဥ်မတော်တဆမှုဖြစ်စဥ်ကို မြေပြင်အကူအညီအနေနဲ့ ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းက တပ်ဖွဲ့ဝင်(၆)ဦးနဲ့ ဥသျှစ်ကုန်းအမြန်လမ်းရဲစခန်းက တပ်ဖွဲ့ဝင်(၁၁ )ဦးတို့က ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။