ဖျာပုံမြို့နယ်၌ ခရီးသည်တင်ကား တိမ်းမှောက်

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် ဖျာပုံ-ရန်ကုန် ပြေးဆွဲနေသောခရီးသည်တင်ကားတစ်စီး လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ (၁၁)ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါကားသည် သီဟနိုင်ခရီးသည်တင်ကားဖြစ်ပြီး ယနေ့ (ဖေဖော်ဝါရီလ ၁၆ ရက်)၊ မွန်းလွဲ (၁၁)နာရီဝန်းကျင်အချိန်တွင် ဖျာပုံမြို့နယ်၊ သလိပ်ကြီးကျေးရွာအနီး၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ကျုံကူလူငယ်ပရဟိတလူမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

“အတိအကျ မသိရဘူး။ ဖြစ်ပြီးသွားတော့မှ လှမ်းခေါ်တာဆိုတော့ ကျွန်တော်တို့က လူနာသယ်ထုတ်တာလောက်ပဲသိတာ။ စရောက်တဲ့သူတွေပြောတာအရတော့ ဆိုင်ကယ်တစ်စီးကို ရှောင်လိုက်တယ်လို့လဲ ပြောတယ်။ သေဆုံးတာက တစ်ယောက်တော့ရှိတယ်။ ထိခိုက်ဒဏ်ရာက အားလုံးပေါင်း (၁၁)ယောက်လောက်ရှိတယ်” ဟု အထက်ပါလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါခရီးသည်ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသော ခရီးသည်အရေအတွက်ကို မသိရှိခဲ့သော် လည်း အသက်(၄၅)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယာဉ်မတော်တဆမှုကြောင့် ဆယ်နှစ်အရွယ်ဝန်းကျင်အရွယ်ရှိ ကလေးငယ် အပါအဝင် လူ (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို လက်ရှိတွင် ဖျာပုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။