မြောက်ကိုရီးယားက ကမ်းရိုးတန်းတစ်လျှောက်မှနေ၍ ဒုံးကျည်စုစုပေါင်း ၂၃ စင်းပစ်လွှတ်

မြောက်ကိုရီးယားစစ်ဘက်က နိုဝင်ဘာ ၂ ရက်တွင် နိုင်ငံ၏ကမ်းရိုးတန်းတစ်လျှောက်မှနေ၍ ၁၀ နာရီအတွင်း ဒုံးကျည် ၂၃ စင်းပစ်လွှတ်ကြောင်းသိရသည်။

အဆိုပါ ဒုံးကျည်များအနက် ဒုံးကျည်တစ်စင်းသည်   ကိုရီးယားနှစ်နိုင်ငံကြား ပိုင်းခြားထားသည့် ပင်လယ်ရေပိုင်နက်ကို ဖြတ်ကျော်သွားပြီး ထိုသို့ဖြတ်ကျော်မှုသည် ၁၉၅၀ ပြည့်နှစ် အလွန်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။

မြောက်ကိုရီးယားကပစ်လွှတ်လိုက်သည့် ဒုံးကျည်အမျိုးမျိုးသည် အရှေ့ပင်လယ်နှင့် အနောက်ပင်လယ် အတွင်းသို့ ကျရောက်သွားကြောင်း၊ ဒုံးကျည်သုံးစင်းမှာ  တာတိုပစ်အမြင့်ပျံဒုံးကျည်များ ဖြစ်ကြောင်းနှင့် ၎င်းတို့အနက်တစ်စင်းမှာ နှစ်နိုင်ငံကြားခံဇုန်အတွင်း ဝင်ရောက်သွားကြောင်း  တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံးက ထုတ်ပြန်ထားသည်။

ထိုဒုံးကျည်တစ်စင်းသည်    နှစ်နိုင်ငံနယ်ခြားမျဉ်းအဖြစ် သတ်မှတ်ထားသည့် မြောက်ပိုင်းကန့်သတ်မျဉ်း၏ တောင်ဘက်မှ ၂၆ ကီလိုမီတာအကွာ ရေပြင်သို့ ကျရောက်သွားသည်ဟု တောင်ကိုရီးယားစစ်ဘက်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် နံနက် ၆ နာရီ ၅၁ မိနစ်မှစတင်ကာ   ဒုံးကျည်လေးစင်းပစ်လွှတ်ပြီးနောက် နှစ်နာရီအကြာတွင် နောက်ထပ်ဒုံးကျည်သုံးစင်းကို  ပစ်လွှတ်သည်။ ထို့နောက် ၉ နာရီ ၁၂ မိနစ်မှစ၍ ဒုံးကျည် ၁၀ စင်းကျော်ကို  ပစ်လွှတ်ပြီး ထိုဒုံးကျည်များထဲတွင် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များလည်း ပါဝင်သည်။ ညနေ ၄ နာရီခွဲမှ ၅ နာရီ ၁၀ မိနစ်အတွင်း နောက်ထပ်ဒုံးကျည်ခြောက်စင်းကို ပစ်လွှတ်ခြင်းဖြစ်သည်။

တောင်ကိုရီးယားနှင့်  အမေရိကန်တို့ လက်ရှိလုပ်ဆောင်နေသည့်   ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက အပြစ်တင်ရှုတ်ချကာ ပြင်းထန်စွာ လက်တုံ့ပြန်သွားမည်ဟု ကတိပြုပြီးနောက် ယခုကဲ့သို့ ဒုံးကျည်များကိုပစ်လွှတ်ခြင်း ဖြစ်သည်။

အဆိုပါ မဟာမိတ်နှစ်နိုင်ငံသည် Vigilant Storm  အမည်ရှိ    သီတင်းပတ်တစ်ပတ်ကြာ  စစ်ရေး လေ့ကျင့်ခန်းကို စစ်လေယာဉ်ရာပေါင်းများစွာဖြင့် ပြုလုပ်နေခြင်း ဖြစ်ပြီး ထိုလေ့ကျင့်ခန်းတွင် လေယာဉ်များပျံတက်မှုအကြိမ်ရေ ၁၆၀၀ ကျော်နှင့် အခြားဝေဟင်စစ်ကစားမှုများ ပါဝင်သည်။

ထိုသို့သောစစ်ရေးလေ့ကျင့်ခန်းသည် ကြီးစွာသောရန်စမှုတစ်ခုဖြစ်သည့်အပြင် မြောက်ကိုရီးယားကို နျူကလီးယား အသုံးပြု တိုက်ခိုက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက ပြောထားသည်ဟု သိရသည်။