မြေထဲပင်လယ်ထဲသို့ လေယာဉ်တင်သင်္ဘော ဒုတိယအသုတ်ကို အမေရိကန်ထပ်မံစေလွှတ်

အစ္စရေးက ဂါဇာကမ်းမြောင်မှာ သူ့ရဲ့ထိုးစစ် တိုးချဲ့ဖို့ပြင်ဆင်နေချိန်မှာပဲ ပင်တဂွန်စစ်ဌာနချုပ်ဟာ မြေထဲပင်လယ်အရှေ့ဘက်ခြမ်းသို့ လေယာဉ်တင်သင်္ဘောနဲ့ တိုက်ခိုက်ရေးအဖွဲ့ကို ဒုတိယအသုတ်အဖြစ် စေလွှတ်ပြီး လေတပ်မှ တိုက်လေယာဉ်တွေကိုလည်း အမိန့်ပေးထားကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က အောက်တိုဘာ ၁၄ ရက်မှာ ကြေညာခဲ့ပါတယ်။

အဆိုပါ အမေရိကန်စစ်သင်္ဘောတွေဟာ ဂါဇာရှိ တိုက်ပွဲတွေမှာ ပါဝင်ရန် (ဒါမှမဟုတ်) အစ္စရေးရဲ့စစ်ဆင်ရေးတွေမှာ ဝင်ရောက်တိုက်ခိုက်ပေးရန် မရည်ရွယ်ကြောင်း၊ ဒါပေမဲ့ မိမိတို့ရေတပ်ရဲ့ အင်အားအကြီးဆုံး လေယာဉ်တင်သင်္ဘောနှစ်စင်း မြေထဲပင်လယ်ထဲရှိနေခြင်းအားဖြင့် လက်ဘနွန်နိုင်ငံမှ ဟစ်ဇ်ဘိုလာကဲ့သို့ ဒေသတွင်းရှိ အီရန်နဲ့ အီရန်ကျောထောက်နောက်ခံလက်နက်ကိုင်တွေအပေါ် အဟန့်အတားပြုဖို့ ရည်ရွယ်ကြောင်း သိရပါတယ်။

“အခုလှုပ်ရှားမှုတွေဟာ အစ္စရေးနိုင်ငံအပေါ် ရန်လိုတဲ့လုပ်ရပ်တွေကို ဟန့်တားဖို့ ကျနော်တို့ရဲ့ကြိုးပမ်းမှုတစိတ်တပိုင်းဖြစ်ကြောင်း” အော်စတင်က ဆက်လက်ပြောကြားခဲ့ပါတယ်။

USS Gerald R. Ford ဦးဆောင်တဲ့ လေယာဉ်တင်သင်္ဘောနဲ့ တိုက်ခိုက်ရေးအဖွဲ့ ပထမအသုတ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အစ္စရေးကမ်းလွန်ရေပြင်သို့ ရောက်ရှိလာခဲ့သည်။

အောက်တိုဘာ ၁၃ ရက်ကလည်း အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ် Norfolk မှာ မူလတပ်ဖြန့်ချထားတဲ့ USS Dwight D. Eisenhower လေယာဉ်သင်္ဘောအဖွဲ့ဟာ မြေထဲပင်လယ်အရှေ့ဘက်သို့ ဦးတည်ခုတ်မောင်းလာခဲ့ပါတယ်။

အဲဒီလေယာဉ်တင်သင်္ဘောဟာ US European Command ရဲ့ရေပိုင်နက်အတွက် ကနဦးခုတ်မောင်းသွားလာဖို့ စီစဉ်ထားပါတယ်။

Eisenhower လေယာဉ်တင်သင်္ဘောအဖွဲ့ရောက်ရှိလာတာနဲ့ တချိန်တည်းမှာပဲ USS Gerald R. Ford ဟာလည်း မြေထဲပင်လယ်ဒေသတွင်းမှာ ဘယ်လောက်ကြာကြာ ဆက်ရှိနေဦးမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း အမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦးက စီအင်န်အင်န်သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။