မြန်မာ့အမွေကမ္ဘာ့မြေသို့ ဆောင်နှင်းမည့်ပွဲ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပ

Lethwei Journey ကဦးစီးကာ မြန်မာ့အမွေကမ္ဘာ့မြေသို့ ဆောင်နှင်းမည့်ပွဲ အမည်ဖြင့်ပြုလုပ်သည့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို အောက်တိုဘာ ၂၃ ရက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ    သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပရာ ယင်းပြိုင်ပွဲတွင် တွဲဆိုင်း ၁၂ ဆိုင်းပါဝင် ထိုးသတ်ခဲ့ကြသည်။

ယနေ့ပြိုင်ပွဲတွင်   လက်ဝှေ့အားကစားသမားများ စိတ်ဝင်စားခဲ့ကြသည့် မြန်မာ့ရိုးရာ လက်ဝှေ့အားကစားသမားဟောင်းကြီး နှစ်ဦးဖြစ်သော ညာသန်ကစားသမား ဝင်းထွန်း (မန္တလေး)နှင့်   ဘယ်သန်ကစားသမား သူရရဲအောင်(မုဒုံ)တို့ရဲ့ Ultimate Chall-enge ပြိုင်ပွဲ ပထမအချီတွင် နှစ်ဦးသား ထိန်းကစားခဲ့ကြသည်။   ပထမအချီတွင် ဝင်းထွန်းရဲ့    ထောက်လက်သီးမိပြီး သူရရဲအောင် ယိုင်လဲသွားသည်။ ဒုတိယအချီ ဝင်းထွန်း၏  ကပ်ရိုက်ကပ်ခွာအခိုက်တွင် လက်သီးထိုးချက်၊ တံတောင်ရိုက်ချက်တွေက မျိုးဆက်သစ် လက်ဝှေ့အားကစားသမားတွေ အတွက်  အတုယူလောက်အောင်ပင် ကောင်းလှသည်။  ယင်းပွဲ၏ တတိယအချီအရောက်တွင်နှစ်ဦးသား သက်လုံပိုင်းကြောင့် ပူးတွဲသရေ သတ်မှတ်ခဲ့သည်။

အထူးငါးချီစိန်ခေါ်ပွဲ  Main Chall-enge  ဖြစ်သည့် ၂၀၁၈ ရွှေခါးပတ်ချန်ပီယံ စောရွှေလေး(ဒို့ရိုးရာ)နှင့် Skynet ရွှေအောင်လံဆုရှင် စောဘဟိန်း(ဘိလပ်မြေစက်ရုံ)တို့ပွဲ ပထမအချီတစ်မိနစ် အကျော်တွင် စောရွှေလေးရဲ့ ခြေကန်ချက်ကြောင့် စောဘဟိန်းအမှတ်စဉ် ရေခံရပြီး အနားတောင်းခဲ့သည်။ လက်ကျန်မိနစ်များ ဆက်ကစားသော်လည်း စောရွှေလေး၏ ထိုးချက်ကန် ချက်အောက်တွင်သာရှိပြီး တစ်ချက်တစ်ချက်ကောင်တာစောင့်ထိုးသည့် အနေအထားဖြင့်ပင် ပထမအချီပြီးဆုံးခဲ့သည်။ ဒုတိယ အချီ ၃၀ စက္ကန့်အရောက်တွင် စောဘဟိန်း အမှတ်စဉ်ထပ်မံ ရေတွက်ခဲ့ရပြီး ဆက်မထိုးနိုင်သည့် အတွက် စောရွှေလေး အလဲထိုးဖြင့်အနိုင်ရရှိသည်။

ထို့အတူ လေးချီစိန်ခေါ်ပွဲ စောဝီလျံ(ဒို့ရိုးရာ)နှင့် စောဂျွန်(နဂါးမာန်)တို့ပွဲတွင် စောဝီလျံကပွဲစသည်နှင့် အနီးကပ် အနာခံထိုးသည်။ စောဂျွန်ကလည်း ဖိထိုးဖိကန်ပြီး ခြေကန်ချက်များဖြင့် ဟန့်တားကစားခဲ့သည်။ ဒုတိယအချီစသည်နှင့် စောဂျွန်ကလက်သီးထိုးအား၊ တံတောင်ရိုက်ချက်များ ပိုသုံးခဲ့ရာ ၄၃ စက္ကန့်တွင် စောဝီလျံဒဏ်ရာများ ရရှိပြီး ဆေးရှုံးဖြင့် စောဂျွန်အနိုင်ရရှိသည်။ အထူးသုံးချီစိန်ခေါ်ပွဲ ဝမ်ချုံး(Smart Fight)နှင့် စောကရင်(ဖိုးရာဇာ)တို့ပွဲတွင် ဝမ်ချုံး၏ လက်သီးတွဲလုံး၊ ခြေကန်ချက် ဟန်ချက်ညီ အသုံးချနိုင်ခဲ့ခြင်းကြောင့် ပထမအချီတွင် ဝမ်ချုံးအလဲထိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

အခြားပြိုင်ပွဲများဖြစ်သည့် ညီဇော်မြင့် (ဇွဲမြန်မာ)နှင့် ညိုနိုင်ဝင်း(လုံးချော)တို့ပွဲတွင် ညိုနိုင်ဝင်းက လည်းကောင်း၊ စောငမောက် (ဒို့ရိုးရာ)နှင့် ပေါသိုးထူး(ရိုးရာကျား)တို့ပွဲတွင် စောငမောက်က လည်းကောင်း၊ စောကဲဒို (Holly  Power)နှင့် အောင်ထက်ဦး(ဒို့ရိုးရာ) တို့ပွဲတွင် အောင်ထက်ဦးက လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြပါတယ်။

ထို့အတူ အောင်ထွန်းဘို(ဒို့ရိုးရာ)နှင့် စိုးသီဟ(ရိုးရာကျား)၊ ထန်းခွီးရှိန်(ဇွဲမြန်မာ)နှင့် ချစ်ရဲလင်း(ဒို့ရိုးရာ)၊ သားသား(ဒို့ရိုးရာ)နှင့် ကစောထူး(ရိုးရာကျား)၊ ညီရဲခန့်(YFC)နှင့် သားစိုး(ဇွဲမြန်မာ)၊ ဆလိုင်းမင်းနိုင် (FFC)နှင့်လယ်ရဲ(ရိုးရာကျား)တို့ ပြိုင်ပွဲများတွင် အနိုင်အရှုံးပေါ်အောင် ထိုးသတ်နိုင်ခြင်းမရှိသည့်အတွက် ပူးတွဲသရေပွဲများဖြင့်သာ အဆုံးသတ်ခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။