မျိုးဆက်သစ်များ၏ ဘဝမြင့်မားရေး

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင်   ပညာရေးသည် လွန်စွာအရေးကြီးလှသည်။ ပညာမြင့်မှ လူမျိုးမြင့်မည် ဆိုသည့်အတိုင်း ပညာရည်မြင့်မားသော လူငယ်မောင်မယ်များ ပေါ်ထွန်းလာမှသာ မိမိတို့ နေထိုင်ရာဒေသနှင့်နိုင်ငံကို  ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ကာလများကို လေ့လာကြည့်ပါက အတန်းလိုက် အတန်းစဉ် ကူးပြောင်းမှုများ နည်းပါးခဲ့သည်။ ရခိုင်ပြည်နယ်တွင်လည်း တန်းစဉ်ကူးပြောင်းမှုများ နည်းပါးခဲ့သည်ကို တွေ့ရှိရသည်။  ထိုသို့ဖြစ်ပေါ်ခဲ့ခြင်းမှာ နိုင်ငံတော်အတွက် စိန်ခေါ်မှုဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေမည့် ကိစ္စရပ်များဖြစ်သည်။ ပညာရေးအားပေးမှု နည်းပါးခြင်းကြောင့် နိုင်ငံတော်ကို အဘက်ဘက်မှ ထိခိုက်စေနိုင်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှု ရာခိုင်နှုန်း ပြည့်ရရှိရန် ခက်ခဲနေမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ပညာရေးကဏ္ဍနှင့် ပတ်သက်၍ အထူးအားပေး မြှင့်တင်လျက်ရှိသည်။ တက္ကသိုလ်ပညာ သင်ကြားရေးတွင် အထောက်အကူပြုစေရန် အတွက် ပညာရေးဆိုင်ရာ ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေများ ပေးအပ်သကဲ့သို့ နေထိုင်မှုစရိတ်များလည်း ပေးအပ်လျက်ရှိသည်။

ချီးမြှင့်ငွေများပေးအပ်ရာတွင် ပညာရပ်အလိုက် ပေးအပ်ချီးမြှင့်ပေးလျက်ရှိသည်။ထိုသို့ ပေးအပ်ချီးမြှင့်ခြင်းမှာ ကိုဗစ်-၁၉ ကာလ  နိုင်ငံ့စီးပွားရေး ကျဆင်းခဲ့သည့်ကြားမှ  ပညာရေးကို အထူးအလေးထား ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။  နိုင်ငံတော်အစိုးရအနေဖြင့်  နိုင်ငံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ခဲ့ပြီး   နိုင်ငံ့ဝင်ငွေများ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ယခုအခါ နိုင်ငံ၏စီးပွားရေးမှာ အထိုက်အလျောက် တိုးတက်လာပြီဖြစ်သည်။

တက္ကသိုလ် သို့မဟုတ် တက္ကသီလာ ဟူသည်မှာ အဆင့်မြင့်အတတ်ပညာ၊ အသိပညာ နည်းပညာရပ်များကို သင်ကြားလေ့ကျင့်ပေးပြီး ကိုယ်ကျင့်တရား ကောင်းမွန်အောင် ပဲ့ကိုင်ပေးသည့်ဌာနဖြစ်သည်။ နိုင်ငံနှင့်ဒေသ၏ စွမ်းအားကိုမြှင့်တင်ပေးခြင်းဖြစ်ပြီး နိုင်ငံနှင့်ဒေသ တိုးတက်ရေးအတွက် လိုအပ်သည့် အသိပညာနှင့် အတတ်ပညာများကို သင်ကြားပေးရာဌာနလည်း ဖြစ်သည်။ နိုင်ငံတစ်ခု၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာများ ပြည့်စုံသည့် လူသားအရင်းအမြစ်များ များစွာလိုအပ်ပေသည်။ ကိုလိုနီခေတ်တွင် ပညာသင်ယူခဲ့ကြရသူများမှာ တက္ကသိုလ်ပညာကို သင်ယူရန်ကြိုးစားခဲ့ကြသည်။ ထိုသို့ကြိုးစားချိန်တွင် ကိုလိုနီအစိုးရအနေဖြင့် မြန်မာများ အသိပညာ မတိုးပွားစေရေးအတွက် ပညာရေးနှင့် ပတ်သက်၍ဖိနှိပ်ခဲ့ကြသဖြင့် ပညာရေးသပိတ်များလည်း ပေါ်ပေါက်လာခဲ့သည်။

အခြေခံပညာအဆင့်၌ သင်ကြားသင်ယူမှုများ ဆောင်ရွက်ရာတွင် ပို့ချသင်ကြားခြင်းကို အဓိကထား ဆောင်ရွက်ရပြီး အဆင့်မြင့်ပညာအဆင့် သင်ကြားသင်ယူမှုများ ဆောင်ရွက်ရာတွင် တွေးခေါ်လေ့လာသင် ကြားခြင်းကို အဓိကထား ဆောင်ရွက်ကြရသည်။ ထို့ကြောင့်အဆင့်မြင့် ပညာအဆင့်တွင် ကျောင်းသား၊ ကျောင်းသူများ အတွေးအခေါ် ကောင်းမွန်စေရေးနှင့် ပညာရပ်များကို မှန်ကန်စွာ တတ်မြောက်စေရေး စနစ်တကျ သင်ကြားပေးရန် လိုအပ်လှသည်။ ကျောင်းသား၊ ကျောင်းသူများ၏ အတွေးအခေါ်များ ကောင်းမွန်လာမည် ဆိုပါက ၎င်းတို့၏ ဘဝကောင်းမွန်မည်။ ထို့အတူနိုင်ငံအတွက် အားကိုးထိုက်သူများဖြစ်လာမည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်မှ သင်ကြားပေးမည့် အသိပညာ၊ အတတ်ပညာများ အပြင် လူမှုစီးပွားဘဝကို တိုးတက်ကောင်းမွန်စေမည့် နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံ၊ ဝတ်စားဆင်ယင်မှု ပုံစံနှင့် တွေးခေါ်မြော်မြင်မှုပုံစံ စသည့် အတွေ့အကြုံများကို ကောင်းမွန်စွာ ရရှိအောင်  ကြိုးစားသင်ယူကြရမည်ဖြစ်သည်။ တက္ကသိုလ်သည် ဘာသာရပ်ဆိုင်ရာများနှင့် အတွေ့အကြုံကောင်းများ ရရှိရေး သင်ကြားဆောင်ရွက် ပေးသည့်နေရာဖြစ်သဖြင့် ပညာသင်ကြားရေး ဆောင်ရွက်နေသူ  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံရေးထက် နိုင်ငံ့အရေးကိုသာ အလေးထားကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းလျက် ရှိသော်လည်း ဒီမိုကရေစီ၏ အခြေခံဖြစ်သည့်ဥပဒေအား လေးစားလိုက်နာခြင်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် စီးပွားရေး အသိအမြင်ရှိခြင်းတို့၌ အားနည်းချက်များရှိနေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် မတ်လ ၃၀ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်တွေတက္ကသိုလ်၌ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့် နည်းပြဆရာ၊ ဆရာမများအား သွားရောက်တွေ့ဆုံ အမှာစကားပြောကြားစဉ် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်  ဥပဒေဆိုင်ရာများနှင့် စီးပွားရေးဆိုင်ရာများ သိရှိရေးနှင့် ပတ်သက်၍ “ဥပဒေပညာရပ်ကို နားလည် သိရှိစေရေး တက္ကသိုလ်အားလုံးတွင် ဥပဒေပညာရပ်ကို သင်ကြားပေးလျက်ရှိကြောင်း၊ အလားတူစီးပွား ရေးနှင့် ပတ်သက်သည့် အသိအမြင်များ ရှိစေရေးအတွက်လည်း စီးပွားရေး အခြေခံဘာသာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း၊ မိမိတို့၏ မျှော်မှန်းချက်မှာ တက္ကသိုလ်ပညာသင်ကြားပြီး ဘွဲ့ရရှိပြီးသူများ အနေဖြင့် ၎င်းတို့၏ လူမှုစီးပွားဘဝနှင့် ပတ်ဝန်းကျင်ကို ကောင်းမွန်အောင် ဆောင်ရွက်နိုင်သူများ ဖြစ်ရန်အတွက် မျှော်မှန်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ထို့ကြောင့် ဆရာ၊ ဆရာမများ အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာတတ်မြောက်ပြီး ဘဝတစ်လျှောက် ကောင်းမွန်မှန်ကန်စွာ လျှောက်လှမ်းနိုင်ရေး စေတနာအရင်းခံဖြင့် သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း။    ။

အယ်ဒီတာ့အာဘော်