မုန်ညင်းစော(or)ဖက်ကတ်စော

ရှမ်းအခေါ် ဖက်ကတ်စော ( မုန်ညင်းစော ) ကတော့ ရှမ်းဟင်းပွဲတွေထဲမပါမဖြစ် ဟင်းတစ်ခွက်ဖြစ်သလို လူတိုင်းကြိုက်တဲ့ ဟင်းတစ်ခွက်ဆိုလည်းမမှားပါဘူး။ ဆောင်းရာသီ မုန်ညင်းပေါချိန်မှာဆို ပိုနုပြီးစားကောင်းတယ်လေ။ ဆောင်းရာသီလဲဝင်ပြီဆိုတော့ ပူပူလောလော မုန်ညင်းစောလေး လုပ်စားလို့ရအောင် တင်ပေးလိုက်ပါတယ်ရှင်။
လုပ်နည်းလေးကတော့အောက်မှာ ၁ ဆင့်ပြီး ၁ ဆင့်ဖော်ပြထားတယ်နော်…
ပါဝင်ပစ္စည်းများ
(၁) အပွင့်ပါတဲ့မုန်ညင်း – ၂ စည်း
(၂) ခရမ်းချဉ်သီး – ၃ လုံး
(၃) ကြံသကာ/ ထန်းလျက် – ၅ခဲ
(၄) ဆား – လဖက်ရည်ဇွန်း ၁ ဇွန်း
(၅) မုန်ညင်းအချည်ရည် ( သို့ ) မန်ကျည်းရည်
-မုန်ညင်းအချဉ်ရည်ရှိရင်ပိုစားကောင်းသလို၊ မရှိရင်လည်း မန်ကျည်းရည်သုံးနိုင်ပါတယ်။
(၆) နံနံပင်
(၇) ငရုသီးစိမ်း တို့ပဲဖြစ်ပါတယ်။
လုပ်နည်းလေးကတော့
(၁) မုန်ညင်းကိုရေဆေးပြီး လက်ဖြင့်အပိုင်းပိုင်းလေးတွေဖြစ်အောင် ခြွေပြီး စကာထဲရေစစ်ထားပါ။
(၂) အရိုးဟင်းရည် (သို့) သတ်သတ်လွတ်သမားများအတွက်ဆိုရင် ရေသန့်ကိုပွက်အောင်တည်ပြီး
ဆား၊ ဟင်းခတ်မုန့် ၊ ကြံသကာ/ထန်းလျက် ၊ ခရမ်းချဉ်သီးလေးခြမ်းပိုင်းပြီး ထည့်ပါ။
(၃) ဟင်းရည်ပွက်လာလျှင် မုန်ညင်းကို အိုးထဲအကုန်သွန်ထည့်လိုက်ပါ။
ပြီးရင် မီးကိုလျှော့ပြီး မုန်ညင်းနူးလာတဲ့အထိ မီးအေးအေးဖြင့် ၁၅ မိနစ်လောက် တည်ပေးပါ။
(၄) မုန်ညင်းနူးလာပြီဆိုရင် ခဏက မုန်ညင်းရည် (သို့ ) မန်ကျည်းရည်ကို အိုးထဲသို့ထည့်ပေးပါ။
ပြီးရင် အရသာမြည်းကြည့်ပြီး ကိုယ်စိတ်ကြိုက်အရသာ အချဉ်ကြိုက်ရင်အချဉ်/ အချိုအစိမ့်လေးကြိုက်ရင် ကြံသကာ ထပ်ထည့်နိုင်ပါတယ်။ ဒါဆိုရင် မုန်ညင်းစော ဟင်းတစ်ခွက်စာရပါပြီနော်။
(၅) ဒီအဆင့်မှာတော့ ချက်ထားတဲ့မုန်ညင်းစောကို ပန်းကန်လုံးထဲထည့် နံနံပင်လေး၊ ငရုပ်သီးစိမ်းလေး နုတ်နုတ်စင်းပြီး အပေါ်ကဖြူးပေးတဲ့ နောက်ဆုံးအဆင့်ပါ။ ကြက်သွန်ဆီချက်ရော၊ ငရုပ်သီးကြော်ရောပါ ထပ်ထည့်ပြီးစားလို့ရပါတယ်။


ဝက်နံရိုးနှင့်မုန်ညင်းစော လုပ်စားချင်သူများလည်း နံပါတ် (၂) အဆင့်မတိုင်မီ ဝက်နံရိုးကိုအတုံးလေးဖြစ်အောင်ခုတ်ပြီး ဝက်နံရိုးကိုနူးအောင်အရင်ပြုတ်ရမယ်နော်။ ပြီးရင်အဲ့ဝက်နံရိုးပြုတ်တဲ့အရည်နဲ့ပဲ မုန်ညင်းစောရမယ်။ ဒါမှ အရသာကပိုချိုတာပါ။ အရမ်းခါးတဲ့မုန်ညှင်းဆို တရေပြုတ်ပြီးသွန်ရပါတယ်။ ဝက်ရိုးပါရင် ကြံသကာနဲ့မလိုက်ပါဘူး။ ဆားအရသာမှုန့်နည်းနည်းနဲ့ဆို ရပါပြီ။ အလိုက်ဖက်ဆုံးက ငြုပ်သီးစိမ်း၊ ကြက်သွန်ဖြူထောင်းထားတာတခွက်တော့မဖြစ်မနေထည့်ရပါမယ်။ ငါးဖားမငပိကောင်ကြော်နဲ့ အရမ်းလိုက်ပါတယ်။
မုန်ညှင်းစောရဲ့လျို့ဝှက်ချက်က ကြက်သွန်နီတွေ လုံးဝ၊ လုံးဝ မထည့်ရပါဘူး။ ငပိနဲ့လဲမလိုက်ပါဘူး။ ဂျင်းလက်တဆစ်တော့ ကြိုက်ရင် အနံ့ပါရုံထည့်လို့ရပါတယ်။