မုန်ညင်းစိုက်ပျိုးနည်း

မုန်ညင်းရွက်ကို ခေါက်ဆွဲပြုတ်၊ ကြေးအိုး၊ မာလာရှမ်းကောတို့ထဲ ထည့်သွင်းစားသုံးကြရုံသာမက သတ်သတ်လွတ်ဟင်းအနေဖြင့်ရော စားသုံးကြပါတယ်။ ဒီလို အစားလဲများ၊ ချိုလည်းချို၊ စားလို့လဲကောင်းတဲ့ မုန်ညင်းရွက်ကို တစ်ပိုင်တစ်နိုင်အနေနဲ့ရော စီးပွားဖြစ်ပါ စိုက်ပျိုးနိုင်အောင် ဖော်ပြပေးလိုက်ရပါတယ်ရှင်…
(၁) မြေနှင့်ရာသီဥတု
မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း မြေဆီဩဇာပြည့်စုံရန် အရေးကြီးပါတယ်။ မြေညံ့တွင် နောက်ချေး၊ မြေဆွေးများများ ထည့်ပေးရန်လိုပါတယ်။ ရေမဝပ်သောမြေ ဖြစ်ရမည့်အပြင် ခြောက်သွေ့သောမြေလည်း မဟုတ်ရပါ။ မြေ၏ အချဉ်ဓာတ်ကို အတော်အတန်ခံနိုင်ရည်ရှိပြီး pH (၅.၃) မှ (၆.၅) အထိစိုက်ပျိုးနိုင်ပါတယ်။ ကယ်ဆီယမ် နည်းသောမြေတွင် အူတိုင်ပုပ်တတ်ပါတယ်။
မိုးများသောဒေသများတွင် မိုးရေဖြင့် ကယ်ဆီယမ်ဆုံးရှုံး တတ်သောကြောင့် အရိုးမှုန့် (ဂျစ်ပဆန်)ကို ထည့်ပေးရန်လိုပါတယ်။
မိုးများသောရာသီတွင် ရောဂါအလွန်ကျရောက်သောကြောင့် မိုးနည်းသောအချိန်ကို ရွေးစိုက်ရပါမယ်။
အအေးကြိုက်သောသီးနှံဖြစ်၍ အအေးဓာတ်ကို အတော်အတန် ခံနိုင်ရည်ရှိပါတယ်။ တစ်နှစ်ပတ်လုံး မိုရေချိန်သင့်တင့်စွာ ရွာသွန်းသော
ဒေသများတွင် မုန်ညင်းရွက်ကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါတယ်။ အသင့်တော်ဆုံး အပူချိန်မှာ (၁၅ – ၂၀) ဒီဂရီစင်တီဂရိတ်အကြားဖြစ်ပါတယ်။
(၂) ပျိုးထောင်ခြင်း
အချို့သောဒေသများတွင် ပျိုးထောင်၍ စိုက်ပျိုးကြပြီး များသောအားဖြင့် တိုက်ရိုက်စိုက်ပျိုးကြပါတယ်။ ရာသီဥတု ဆိုးရွားသော အချိန်များတွင် ပျိုးထောင်ကြပါတယ်။ တစ်ဧကလျှင် မျိုးစေ့ (၆ – ၇) ပေါင်နှုန်း အသုံးပြုပါတယ်။
(၃) ဓာတ်မြေဩဇာ
နွားချေး၊ ယူရီးယား၊ တီစူပါ နှင့် ပိုတက်ရှ် တို့ကို အသုံးပြုနိုင်ပါတယ်။
(၄) မြေပြုပြင်ခြင်း
မစိုက်ပျိုးမီ (၃-၄) ပတ်အလိုတွင် မြေပြုပြင်ရန်လိုပါတယ်။ မြေကောင်း၊ မြေပွကြိုက်သောကြောင့် မြေမပြုပြင်မီ နွားချေး၊ မြေဆွေးချပီးမှ ထွန်၊ ထယ်လိုက်ပါ။ ထွန်ရေးကောင်းသည်အထိ မြေကိုပြုပြင်ပါ။ ရေဝပ်သောနေရာ ဖြစ်ပါက ဘောင်တင်၍စိုက်ပါ။ မစိုက်မီ ဓာတ်မြေဩဇာများကို တစ်ရက်အလိုတွင်ချပေးပါ။
(၅) စိုက်ပျိုးခြင်း
ပျိုးထောင်စိုက်ပျိုးပါက အရွက်သေးမျိုးအတွက် တစ်ပေကွာအတန်းများတွင် တစ်ပင်နှင့်တစ်ပင် ၆ လက်မခြား၍ စိုက်ပါ။
အရွက်ကြီးမျိုးကို တစ်ပေအကွာတန်းများတွင် တစ်ပင်နှင့်တစ်ပင် တစ်ပေခြားစိုက်ရပါမယ်။ အစေ့မှ အပင်ပေါက်ရန် (၅ – ၆) ရက် ကြာပြီး
အရွက် အရေအတွက် (၄ – ၅) ရွက်ရလာလျှင် ပျိုးပင်များကို စိုက်ခင်းသို့ ချနိုင်ပါပြီ။ စိုက်ပျိုးချိန်တွင် မြေကြီးတွင်း ရေအလုံအလောက်ရှိရန် အရေးကြီးပါတယ်။ သို့မဟုတ် စိုက်ပြီးတာနဲ့ချက်ချင်း ရေသွင်းသင့်ပါတယ်။ တိုက်ရိုက်စိုက်ပျိုးပါက တစ်တန်းနှင့်တစ်တန်း (၁ – ၁.၂၅) ပေ ကွာသောစိုက်တန်းတွင် မျိုးစေ့ကို ထူထူချပေးပြီး မြေပါးပါးဖြင့် ဖုံးပေးပါ။ အပင်ပေါက်များ စုအုံနေပါက ခွဲစိုက်ပေးပါ။ စိုက်ပြီး (၂၅ – ၃၀)ရက်ကြာပါက မုန်ညင်းရွက်များ စားသုံးနိုင်ပါပြီ။ မုန်ညင်းကို မေလမှ ဒီဇင်ဘာလအထိ စိုက်ပျိုးနိုင်ပါတယ်။
(၆) အပင်ပြုစုခြင်း
မုန်ညင်းကိုစိုက်ပြီးပါက အစောပိုင်း ပေါင်းမြက်နှိမ်ထားရန် အရေးကြီးပါတယ်။ အပင်ကြီးမြန်တာကြောင့် အစောပိုင်း ပေါင်းနိုင်ထားပါက နောက်ပိုင်းတွင် ပေါင်းလိုက်ရ သက်သာပါတယ်။ ပေါင်းလိုက်မြေဆွရာတွင် အပင်ကို မထိခိုက်စေရန် ဂရုပြုပါ။
(၇) ရေသွင်းခြင်း
မုန်ညင်းသည် အစိုဓာတ်လုံလုံလောက်လောက် အမြဲရှိရန်လိုပါတယ်။ ပူအိုက်ခြောက်သွေ့တဲ့ရာသီမှာ မြေအစိုဓာတ် အမြဲရှိနေစေရန် ကောက်ရိုး၊ မြက်ခြောက်တို့ဖြင့် အပင်ခြေကို အုပ်ပေးပါ။ လိုအပ်ပါက ရေသွင်းပေးရပါမယ်။ ရေဝပ်ဒဏ် မခံနိုင်သောကြောင့် ရေကိုလိုအပ်သည်ထက်ပို၍ မသွင်းမိရန်အရေးကြီးပါတယ်။
(၈) ရိတ်သိမ်းခြင်း
အပင်များရောင်းတန်းအရွယ် ရောက်လာသောအခါ ကြပ်နေသောအပင်များကိုနှုတ်၍ သန့်စင်စွာဆေးကြောပြီး ရောင်းချနိုင်ပါတယ်။
သို့မဟုတ် အပြင်ဘက်ဆုံးအရွယ်ကြီးသော အရွက်များကိုခူး၍ ရောင်းနိုင်ပါတယ်။ အရွက်များ ခူးဖြတ်ရာတွင် အပင်ဆက်လက်ကြီးထွားနိုင်ရန် အပင်ပေါ်၌ အရွက်လုံလောက်စွာ ချန်ထားရပါမယ်။ အရွက်ချောသည့် မုန်ညင်းမျိုးကို ပွင့်တန်ထွက်၍ အပွင့်များ စတင်ပွင့်သည့်အချိန်အထိထား၍ ရိတ်သိမ်းနိုင်ပါတယ်။ အစေ့တည်၍ အတောင့်များစတင်ဖြစ်ပေါ်လာပါက အရွက်များကြမ်းလာသောကြောင့် ၎င်းအဆင့်အထိ မထားသင့်ပါ။
(၉) မျိုးစေ့ထုတ်လုပ်ခြင်း
မုန်ညင်းသည် ပင်ခြားဝတ်မှုန်ကူးပင်ဖြစ်သောကြောင့် မျိုးစေ့ထုတ်လုပ်ရန်အတွက် သီးခြားစိုက်ပျိုးသင့်ပါတယ်။
စိုက်ပြီး ရက်ပေါင်း (၇၀ – ၈၀) ခန့်ကြာရင်တော့ အပင်၏အလယ်မှ ပွင့်တံထွက်လာပါပြီ။ ပန်းစတင်ပွင့်ချိန်တွင် ပွင့်တံတစ်လျောက်
ပျများကျရောက်တတ်ခြင်းကြောင့် မျိုးစေ့အထွက်နှုန်းကို လျော့စေပါတယ်။ ပိုးမွှားရောဂါကင်းစင်၍ ထွားကြိုင်းသောအပင်များကို ရွေးချယ်၍ မျိုးယူပါ။ ၇၅% အသီးရင့်မှည့်လာပါက စတင် ရိတ်သိမ်းပါ။ တာရှည်စွာဆက်လက်ထားရှိပါက အတောင့်များ ခြောက်သွေ့ပေါက်ကွဲပြီး မျိုးစေ့အလေအလွင့်များ ဖြစ်စေပါတယ်။ အတောင့်များအားလုံး ခြောက်သွေ့ပါက တုတ်နှင့်ရိုက်ပြီး ပြာလှေ့ကာ အစေ့များကို သန့်စင်ယူနိုင်ပြီဖြစ်ပါတယ်။