မိမိအတွက် အရေးအကြီးဆုံးမှာ ဘောလုံးကစားရန်သာဖြစ်တယ်လို့ ဆိုလိုက်တဲ့ ဘာပေ

ဘာပေသည် Reims အသင်းအား အနိုင်ရခဲ့သည့်ပွဲတွင် (၃)ဂိုးစလုံးကို ဟက်ထရစ်သွင်းယူခဲ့ပြီး ယခုရာသီ ပြင်သစ်လီဂူးပြိုင်ပွဲ၌ ပထမဆုံးဟက်ထရစ်သွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထို့ပြင် ဘာပေသည် ပြင်သစ်လီဂူးပြိုင်ပွဲ၏ ဂိုးသွင်းအများဆုံးကစားသမားစာရင်းတွင်လည်း (၁၃)ဂိုးဖြင့် ဦးဆောင်နေပြီး ယခုရာသီ၌ ပြိုင်ပွဲစုံ (၁၅)ပွဲ ကစားရာတွင် (၁၅)ဂိုး သွင်းယူထားသည်။

ဘာပေသည် ကစားသမားဘဝတစ်လျှောက် (၁၆)ကြိမ်မြောက် ဟက်ထရစ် သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ပွဲအပြီး ကွင်းအတွင်း မီဒီယာတွေ့ဆုံမှုပြုလုပ်ရာ၌ အနာဂတ်အကြောင်း မေးမြန်းမှုကို ”ကျွန်တော် ဒီအချိန်မှာ အဲဒီအကြောင်း မပြောချင်ပါဘူး။ အဲဒါက မှန်ကန်တဲ့အချိန် မဟုတ်သေးပါဘူး။ ဒီအချိန်မှာ ကျွန်တော့်အတွက် အရေးအကြီးဆုံးအရာက ဘောလုံးကစားဖို့ပါပဲ”ဟု တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။။

ဟက်ထရစ်သွင်းဂိုးနှင့် ပတ်သက်၍မူ ”ကျွန်တော် အခု တည်ငြိမ်သူ ဖြစ်နေပါပြီ။ ဟက်ထရစ်ဂိုး သွင်းယူနိုင်တာကတော့ အမြဲပျော်စရာ ကောင်းပါတယ်။ ကိုယ့်ရဲ့ ကစားပုံဆိုးရွားပြီး ဂိုးနည်းနည်းပဲ သွင်းနိုင်တဲ့အချိန်မှာ နှိမ့်နှိမ့်ချချရှိနေရမှာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီပွဲအတွက် ပျော်ရွှင်ပါတယ်”ဟု ဘာပေက ပြောကြားခဲ့သည်။

PSG အသင်း၏နည်းပြ အန်နရီကေးကမူ ဘာပေ ဟက်ထရစ်သွင်းယူနိုင်ခဲ့သော်လည်း အလွန်ပျော်ရွှင်ခြင်းမရှိဟု ဆိုခဲ့သည်။

ဘာပေသည် ရီးယဲလ်အသင်းထံ ပြောင်းရွှေ့တော့မည်ဟု သတင်းမကြာခဏ ထွက်ပေါ်ခဲ့ဖူးသော်လည်း လက်တွေ့တွင် ဖြစ်မြောက်ခြင်းမရှိပေ။

ယခုအခါ ဘာပေသည် လက်ရှိကလပ် PSG အသင်းနှင့်သာ စာချုပ်သစ်ချုပ်ဆိုသွားဖွယ်ရှိကြောင်း ထင်ကြေးပေးခံထားရသည်။