မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦး အရက်မူးပြီးဆိုင်ကယ်မောင်းရာမှ အခြားကားတစ်စီးအားဝင်တိုက်မိကာ အကြောများကပ်၍ လှုပ်မရဖြစ်နေ

မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ကိုစိန်မိုးသည် အရက်မူးပြီး ဆိုင်ကယ်မောင်းရာမှ ကားတစ်စီးအား ဝင်တိုက်မိပြီး အကြောများကပ်နေသဖြင့် လှုပ်မရဖြစ်နေကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ သိရသည်။

မလေးရှားနိုင်ငံ၊ Nilai 3 နေ ကိုစိန်မိုးသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အရက်မူးပြီး ဆိုင်ကယ်မောင်းလာစဥ် မီးပွိုင့်အရောက် မီးနီနေသည်ကို မရပ်ဘဲဆက်လက်မောင်းနှင်ခဲ့ရာ တဖက်မှ မီးစိမ်း၍ ထွက်လာသော ကားအားဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာများရရှိ၍ ဆလန်ဘန်းဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကာ အကူအညီလိုအပ်နေသဖြင့် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား)မှ ကူညီပေးရန်သွားရောက်ခဲ့ကြပြီး ပြင်ပဒဏ်ရာများသက်သာလာပြီဖြစ်၍ ဆေးရုံဆင်းရန် ကျသင့်ငွေရှင်းကာ ဝှီးချဲပေါ်တင်ဆောင်၍ ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။

ယင်းသို့ ခေါ်လာစဥ် ကိုစိန်မိုးသည် အကြောများကပ်ကာ လှုပ်ရှား၍ မရဖြစ်နေသည့်အတွက် လန်ဘန်းဆေးရုံကြီးသို့ ပြန်လည်ပို့ဆောင်ခဲ့ရပြီး ဆက်လက်၍ ဆေးကုသမှု ခံယူရမည်ဖြစ်ကြောင်း သိရသည်။

ကိုစိန်မိုးသည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။