မနက်ခင်းရ အားကစားသတင်းတိုများ

⚽ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့နည်းပြဖြစ်သူ အသက် ၄၇ နှစ်အရွယ် အင်္ဂလိပ်လူမျိုး ဂရေဟမ်ပေါ်တာရဲ့နေရာမှာအစားထိုးဖို့အတွက် လက်ရှိဘရိုက်တန်အသင်းရဲ့နည်းပြ အသက် ၄၃ နှစ်အရွယ် အီတလီလူမျိုး ရော်ဘတ်တိုဒီဇာဘီကိုစိတ်ဝင်စားနေတယ်လို့ Football Insider သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဂရေဟမ်ပေါ်တာကိုလည်း ဘရိုက်တန်အသင်းကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလတုန်းက ခေါ်ယူထားခဲ့တာဖြစ်ပြီး သူကိုင်တွယ်ခဲ့တဲ့ ၂၆ ပွဲမှာ နိုင်ပွဲ ၉ ပွဲ သရေ ၇ ပွဲနဲ့ ရှုံးပွဲ ၁၀ ပွဲအထိကြုံတွေ့ထားသလို နိုင်ပွဲရာခိုင်နှုန်း ၃၄.၁ သာရှိပြီး အသင်းဟာလည်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာမှာရောက်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

⚽ မန်ချက်စတာစီးတီးအသင်းဟာ ချယ်လ်ဆီးအသင်းနဲ့စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတော့တဲ့ အသက် ၂၈ နှစ်အရွယ် ခရိုအေးရှားကွင်းလယ်လူ ကိုဗာဆစ်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ The Telegraph သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဩဂုတ်လတုန်းက ရီးရဲလ်မက်ဒရစ်အသင်းကနေပြောင်းရွှေ့လာခဲ့တဲ့ ကိုဗာဆစ်ဟာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၂၀၇ ပွဲကစား သွင်းဂိုး ၅ ဂိုး ဂိုးဖန်တီးမှု ၁၄ ကြိမ်ပြုလုပ်ပေးထားတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။

⚽ နာပိုလီအသင်းဟာ ဥရောပထိပ်သီးအသင်းကြီးများစွာရဲ့ပစ်မှတ်ထားခြင်းကိုခံနေရတဲ့ အသက် ၂၂ နှစ်အရွယ် ဂျော်ဂျီယာတောင်ပံကစားသမား ခဗီချာခဗာရက်ဟီလီယာကို လစာနှစ်ဆပေးပြီး ၂၀၂၈ ခုနှစ်ထိစာချုပ်သက်တမ်းတိုးမြှင့်ဖို့ပြင်ဆင်နေတယ်လို့ Gazzetta dello Sport သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇူလိုင်လတုန်းက ဂျော်ဂျီယာကလပ် ဒီနမိုဘတ်တူမီအသင်းကနေ ယူရို ၁၂ သန်းဝန်းကျင်နဲ့ရောက်ရှိလာခဲ့တဲ့ ခဗာရက်ဟီလီယာဟာ နာပိုလီအသင်းမှာအလျင်အမြန်အခြေကျခဲ့သလို စီးရီးအေရဲ့ ဖျော်ဖြေမှုအပေးနိုင်ဆုံးတောင်ပံကစားသမားတစ်ယောက်အဖြစ်လည်းသတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ခဗာရက်ဟီလီယာဟာ နာပိုလီအသင်းအတွက် ပြိုင်ပွဲစုံ ၂၆ ပွဲသာကစားထားပေမယ့် သွင်းဂိုး ၁၂ ဂိုး ဂိုးဖန်တီးမှု ၁၅ ကြိမ်ပြုလုပ်ပေးထားနိုင်တဲ့ တောင်ပံကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။

crd· #Sport7