ဘဲများရောဂါဖြစ်ပွားခြင်း အကြောင်း

ကြက်နှင့်ဘဲများမှာ ရောဂါဖြစ်ပွားပုံမတူဘဲ ခြားနားကြောင်း တွေ့ရှိရပါတယ်။ ဘဲသည် ကြက်များကဲ့သို့ ရောဂါဖြစ်ပွားမှု မများချေ။
ရုတ်တရက်ရောဂါ မဖြစ်လွယ်ပေ။ ဘဲများ၏ သဘာဝမှာ ရွံ့နွံထဲရှိ အညစ်အကြေးများထဲတွင် ကျက်စားလေ့ရှိသဖြင့် ထိုသို့ကျက်စားခြင်းကပင် ခန္ဓာကိုယ်ကို ကြံ့ခိုင်စေပြီး ရောဂါများ ရုတ်တရက်ဖြစ်ပွားခြင်းကို ခံနိုင်ရည်ရှိကြပါတယ်။
ဘဲများတွင် ဘက်တီးရီးယားရောဂါပိုးကြောင့် ဖြစ်ပွားရသည့် ရောဂါများမှာ-
(၁) ဝမ်းကျရောဂါ
(၂) ပါရာတိုက်ဖွိုက်ရောဂါ
(၃) သွက်ချာပါဒရော တို့ဖြစ်ကြသည်။
၁။ ဝမ်းကျရောဂါ
ဝမ်းကျရောဂါဖြစ်ပွားပါက အသားများအလွန်ပူခြင်း၊ ဒူးဆစ်ရိုးရောင်ခြင်း၊ အသေမြန်ခြင်းစသည့် လက္ခဏာများ တွေ့ရတတ်သည်။
ကြိုတင်ကာကွယ်ရန်မှာမူ – ဘဲများအတွက် ဝမ်းရောဂါကာကွယ်ဆေးထိုး၍ ကာကွယ်နိုင်သည်။
ရောဂါဖြစ်ပွားနေပါက – ဆာလ်ဖိုနဖိုက်ဆေးများ တိုက်ကျွေးရပါမည်။
၂။ ပါရာတိုက်ဖွိုက်ရောဂါ
ဆဲလ်မိုနီးလားရောဂါပိုး တစ်မျိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ အထူးသဖြင့် ဘဲငယ်များတွင် ဖြစ်ပွားတတ်သည်။
ရောဂါဖြစ်ပွားပါက အအေးမိသကဲ့သို့ အသက်ရှူကျပ်ခြင်း၊ တဖြည်းဖြည်းပိန်လာပြီး သေဆုံးခြင်း၊ မှောက်၍ သေးဆုံးနေခြင်း
စသည့် လက္ခဏာများ တွေ့ရသည်။
ကြိုတင်ကာကွယ်ရန်မှာ – မွေးမြူရာတွင် ပတ်ဝန်းကျင်သန့်ရှင်းရေး ဂရုစိုက်ရမည်။
ရောဂါဖြစ်ပွားပါက – (နိုက်ထရိုဖျူရာဇုန်း)ဆေး တိုက်ကျွေးသင့်သည်။
၃။ သွက်ချာပါဒရော
ဘက်တီးရီးယားရောဂါပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ ရောဂါဖြစ်ပွားပါက ခြေထောက်များဆွဲနေပြီး ယက်ကန်ယက်ကန်ဖြစ်နေခြင်း၊ မစင်စွန့်ရာတွင် အစိမ်းရောင်၊ အဖြူရောင်များတွေ့ရခြင်းစသည့် လက္ခဏာများ တွေ့ရသည်။
ကာကွယ်ရန်မှာ – အာဟာရဓါတ်ပြည့်ဝသော အစာများကျွေးခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းပြီး လေကောင်းလေသန့်အမြဲရရှိစေရန်
ဆောင်ရွက်ထားသင့်သည်။
ရောဂါဖြစ်ပွားပါက – ဘဲများကို (၆)နာရီခန့် အစာမကျွေးဘဲထားပြီး ဆာလ်ဖိုနဖိုက်ဆေး တိုက်ကျွေးရပါမည်။
ဘဲများတွင် ဖြစ်ပွားတတ်သော အခြားရောဂါများအတွက် ဆေးမြီးတို ကုထုံးများကတော့-
(က) အအေးမိရောဂါ – ရေမှော်ပင်အား အစာတွင် ထည့်ကျွေးပါ။
(ခ) ချောင်းဆိုးရောဂါ – ကညွတ်ပင်အားထောင်း၍ အရည်အနည်းငယ် တိုက်ပေးပါ။
(ဂ) သွေးဝမ်းရောဂါ – ဗေဒါပင်စင်း၍ ကျွေးပါ။
(ဃ) အပူနာရောဂါ – ဘဲကိုရေချခြင်း၊ ရေပက်ခြင်းပြုလုပ်ပါ။
(င) ဝမ်းချုပ်ရောဂါ – ဆားခါးကို ရေဖြင့် ဖျော်တိုက်ပါ။
ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ရောဂါဖြစ်ပွားနေသော ဘဲများကို အခြားဘဲများနှင့် ရောမထားဘဲ ချက်ချင်းခွဲထုတ်၍ သီးခြားထားရပါမည်။ ဤသို့ မပြုလုပ်ပါက ရောဂါများကူးစက်ပြန့်ပွားပြီး ဆုံးရှုံးမှုများကို ဖြစ်စေနိုင်သည်။ ရောဂါဖြစ်ပွားသည့် ဘဲ သေဆုံးသွားခြင်း(သို့) ကုသ၍ မရတေ့ာလောက်အောင် ရောဂါဆိုးရွားလာလျှင် တွင်းနက်နက်တူးပြီး မြေမြုပ်သင့်ပါသည်။
ကျန်းမာသန်စွမ်းမှုမရှိဘဲ ချည့်နဲ့နေသော ဘဲများကိုလည်း အခြားဘဲများနှင့်အတူ ရောနှော၍ မထားသင့်ဘဲ စောစီးစွာ ဖယ်ထုတ်သင့်ပါသည်။ ဘဲများမှာ အစာရှာစားရင်း သံတိုသံစ ကဲ့သို့သော တွေ့ရာပစ္စည်းကိုလည်း မျိုချလေ့ရှိကြသည်။ ထို့ကြောင့် မွေးမြူရေးခြံအနီး ပတ်ဝန်းကျင်တွင် သံတိုသံစကဲ့သို့သော ပစ္စည်းများကို ရံဖန်ရံခါ ဖယ်ရှားသင့်သည်။
ဘဲထီးအင်္ဂါသည် သွက်ချာပါဒဖြစ်ခြင်း၊ ဘဲမများတွင် ဥအိမ်အဝထွက်လာခြင်းတို့သည် မကြာခဏတွေ့ရတတ်သည့် ရောဂါများဖြစ်သည်။
ထို့ပြင် ဝမ်းဗိုက်ထဲတွင် ရေများစု၍ တွဲကျနေသည့်ရောဂါများလည်း ကြုံတွေ့ရတတ်သည်။
ဤရောဂါမျိုးမှာ မျိုးရိုးမှတဆင့် ကူးစက်တတ်သောကြောင့် အထူးဂရုစိုက်သင့်ပါသည်။
(အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်)