ဘဝဆိုတာ..

ဘဝဟာကျေနပ်စရာ မကောင်းတဲ့အနေအထားတွေ ရှိသလို ကျေနပ်စရာ ကောင်းတာလည်း

မရှိဘူးတော့ မဟုတ်ပါဘူး။ ရှိပါတယ်။

ဘဝဟာ အဆိုးချည်းပဲတော့ မဟုတ်ဘူး။
အကောင်းလည်း ရှိတယ်။

အကောင်းရှိလို့ လူတွေက ဘဝမှာပျော်ရွှင်နေကြတယ်ပေါ့။

အဲ့ဒီကောင်းတဲ့အကွက်ကလေးတွေ သာယာဖွယ်
ကျေနပ်ဖွယ် လက်ခံဖွယ် အချက်ကလေးတွေ စာပေကျမ်းဂန်မှာ ဘာပြောသလဲဆိုတော့ အသာဒလို့ ခေါ်တယ်။

အဲ့ဒီကျေနပ်စရာလေးတွေကို ကြည့်ပြီးတော့
လူတွေဟာ ဘဝကိုလက်ခံပြီးတော့ ကျေနပ်နေကြတာ။

ဒါဖြင့် ဘဝဟာ ကျေနပ်စရာချည်းပဲလားဆိုတော့ မဟုတ်ဘူး။

အပြစ်အနာအဆာတွေကလည်း အများကြီး
အခက်အခဲတွေကလည်း အများကြီးဆိုတာရှိတယ်။

ဒါကြောင့်မို… သူတော်စင်ပုဂ္ဂိုလ်တွေကျတော့
ဘဝကို ငြီးငွေ့သွားကြတယ်ပေါ့။

ပျော်နေတဲ့ပုဂ္ဂိုလ်ဟာ ကျေနပ်စရာလေးတွေးပြီး ပျော်နေတာ။

ငြီးငွေ့သွားတဲ့ ပုဂ္ဂိုလ်တွေကလည်း ဘဝရဲ့အစစ်အမှန်ကိုရှုမြင်သုံးသပ်ပြီးတော့

ဘဝကလွတ်အောင် ကြိုးစားသွားကြတာ။

မကြိုးစားတဲ့ ပုဂ္ဂိုလ်တွေက ဘာနဲ့ဥပမာတူသလဲဆိုရင်
ကျေနပ်စရာကောင်းတာလေး ကြည့်ပြီးတော့

ထိုကျေနပ်စရာကောင်းတဲ့အချက်ရဲ့ နောက်ကွယ်မှာရှိတဲ့
အင်မတန်မှ ကြောက်စရာကောင်းတာတွေ မမြင်တာ။

ဥပမာမယ်- သင်တုန်းဓါးပေါ်မှာ ပျားရည်တစ်စက်။

ပျားရည်ရဲ့အချိုကိုသာတွေးပြီး သင်တုန်းဓါးက
မိမိရဲ့လျှာကိုဖြတ်မယ်ဆိုတာ မမြင်တဲ့သဘောပဲပေါ့။

သင်တုန်းဓါးပေါ်က ပျားရည်လေးတစ်စက်ကို
မက်မက်မောမော လျှာနဲ့လျှက်လိုက်မယ်ဆိုရင်
ချိုလိုမှမပြီးခင် လျှာပြတ်သွားမယ်။

ဘဝဆိုတာ အဲ့ဒီအတိုင်းပဲလို့ ဆိုလိုတာ။ 🙏🙏🙏

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ