ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဂုဏ်ပြုသဝဏ်လွှာပေးပို့

(၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် တိပိဋကဓရ တိပိဋကကောဝိဒ (၁၆) ပါမြောက် ဘွဲ့တံဆိပ်တော်မြတ်ရရှိ တော်မူသည့် ဆရာတော်ထံသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုး မဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ဆက်ကပ်ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာဆက်ကပ်သည့် အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ မင်းကွန်းတိပိဋက နိကာယကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ဆက်ကပ်ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက် ကြောင်း သဝဏ်လွှာအား ဖတ်ကြားလျှောက်ထားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တပညာသိရီလင်္ကာရ အားဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာအား ဆရာတော်ထံ ဆက်ကပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆရာတော်အား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော် ငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ဆရာတော်က သဗ္ဗတိယောဝိဝဇ္ဇန္နအစရှိသော ဂါထာတော်အားရွတ်ဆိုပြီး သဝဏ်လွှာဆက်ကပ်သည့် အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။

#PAN