တန်ဖိုးရှိတဲ့အတွေ့အကြုံ

အခက်အခဲတွေ၊ ဒုက္ခတွေ၊ ဆုံးရှုံးမှုတွေဟာ လူ့ဘဝကို မှန်ဘီလူးနဲ့ကြည့်ရသလို အခွင့်အရေးမျိုးကိုပေးတယ်။ ကိုယ့်ဘဝကို ကိုယ် အနီးကပ်ပြီး ကြည့်ခွင့်ရတယ်။ ဘဝနဲ့ပတ်သက်တဲ့ အမှန်တရားတွေဟာ ဘာတွေလဲ။ ပျော်ရွှင်မှုဆိုတာဘာလဲ။ ဘယ်ဟာကျေနပ်စရာအကောင်းဆုံးလဲ။ ဘဝမှာ တန်ဖိုးအရှိဆုံးအရာတွေဟာ ဘာတွေလဲဆိုတာ သိလာတယ်။ ဒုက္ခရောက်တဲ့အခါကျမှ မိတ်ဆွေကောင်းဟာ ဘယ်သူလဲဆိုတာလည်း သိရတယ်။ ကိုယ်အင်မတန် အားကိုးခဲ့တဲ့အရာတွေဟာ တကယ်အားကိုးစရာကောင်းရဲ့လားဆိုတာလည်း သိရတယ်။ အားကိုးစရာအစစ်ဟာ ဘာလဲ၊ ဘယ်သူ့ကိုအားကိုးရမလဲ၊ ကိုယ့်ကိုယ်ကို အားကိုးနိုင်ဖို့ အရေးကြီးတယ်ဆိုတာလည်း သဘောပေါက်လာတယ်။ ဒါကြောင့် ဒုက္ခတွေအခက်အခဲတွေဟာ တန်ဖိုးရှိတဲ့အတွေ့အကြုံဖြစ်ပါတယ်။

ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)