PDF အဖွဲ့က စိန်ပြောင်းများဖြင့်ပစ်ခတ်မှုသဖြင့်အမျိုးသမီး(၂)ဦး သေဆုံး

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် PDF အဖွဲ့က စိန်ပြောင်းများဖြင့် ပစ်ခတ်မှုကြောင့် သက်ကြီးပိုင်းအမျိုးသမီး (၂)ဦး သေဆုံးကာ (၂)ဦးထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သော နိုဝင်ဘာ ၂၄ ရက်၊ ည ၇ နာရီခန့်တွင် ဖြူးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

PDF အဖွဲ့က စိန်ပြောင်းဖြင့်ပစ်ခတ်ခဲ့ရာ စိန်ပြောင်းဗုံးသီးများသည် ယင်းကျေးရွာရှိ ခြံဝန်း(၂)ခုအတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ပေါက်ကွဲမှုကြောင့် ခြံဝန်း(၂)ခုအတွင်းရှိ နေအိမ်များတွင် နေထိုင်သည့် ဒေါ်ပြားဝင်း(၆ဝ)နှစ် နှင့် ဒေါ်စန်းမှီ (၆ဝ)နှစ်တို့မှာ ဗုံးသီးစ ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ဒေါ်ြငိမ်းမှုံ(၈၅)နှစ်နှင့် မောင်ထက်အာကာလင်း (၉)နှစ်တို့တွင်လည်း ဗုံးသီးစ ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ(၂)ဦး၏ ရုပ်အလောင်းများ နှင့် ထိခိုက်ဒဏ်ရာရရှိသူ(၂)ဦးတို့အား ဖြူးမြို့နယ်ပြည်သူ့ဆေးရုံ ကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။