ကိုရီးယားပြန်လည်ပေါင်းစည်းရေးသင်္ကေတ အထိမ်းအမှတ်အား ဖြိုချ

မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် ပြန်လည်ပေါင်းစည်းရေး ရည်ရွယ်ချက်အတွက် သင်္ကေတတစ်ခုအဖြစ် ပြုံယမ်းမြို့တော်တွင် ဆောက်လုပ်ခဲ့သည့် အထိမ်းအမှတ်မုခ်ဦးရုပ်တုကို ခေါင်းဆောင်ကင်ဂျုံအွန်၏ အမိန့်ဖြင့် ဖြိုချခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကင်က တောင်ကိုရီးယားကို မြောက်ကိုရီးယား၏ အဓိကရန်သူအဖြစ် ကြေညာခဲ့ပြီး ပြန်လည် ပေါင်းစည်းရန် မဖြစ်နိုင်တော့ကြောင်း ပြောကြားခဲ့ပြီးနောက် ထိုအထိမ်းအမှတ်မုခ်ဦးကို ဖြိုချခဲ့ခြင်းဖြစ်သည်။
ထိုအထိန်းအမှတ်မုခ်ဦးကို ၂၀၀၀ ပြည့်နှစ်က ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးညီလာခံအပြီးတွင် နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေး မျှော်လင့်ချက်များ၏ သင်္ကေတတစ်ခုအဖြစ် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ကင်သည် ဇန်နဝါရီ ၁၅ ရက်က ပြည်သူ့လွှတ်တော်ချုပ်တွင် မိန့်ခွန်းပြောကြားခဲ့ချိန်က အဆိုပါ အထိမ်းအမှတ်မုခ်ဦးကို မျက်စိစပါးမွေးစူးစရာဖြစ်ကြောင်း သုံးနှုန်းခဲ့ပြီး တောင်ကိုရီးယားကို မြောက်ကိုရီးယား၏ အဓိကရန်သူ၊ ထာဝရရန်သူအဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းသတ်မှတ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား၏ လက်နက်စမ်းသပ်မှုများကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်ပေါ်တွင် တင်းမာမှုများ မြင့်တက်လာခဲ့သည်။
မြောက်ကိုရီးယားကမူ အဆိုပါစစ်ရေး လေ့ကျင့်မှုများသည် နျူကလီးယားစစ်ပွဲအတွက်ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဝေဖန်ရှုတ်ချခဲ့သည်။
မြောက်ကိုရီးယားကလည်း တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ တိုက်ခိုက်မှုကို ခံရမည်ဆိုပါက တောင်ကိုရီးယားကို အမြစ်ဖြတ်ချေမှုန်းသွားမည်ဟု သတိပေးခဲ့သည်။