ပို့ကုန်ရငွေကို ကျပ်ငွေလဲလှယ်ရန် သတ်မှတ်ချက် ဗဟိုဘဏ်ပြန်ပြင်

ပို့ကုန်ရငွေအပေါ် ကျပ်ငွေလဲလှယ်ရန် ညွှန်ကြားမှုကို ရာခိုင်နှုန်း ၅၀ သာ လဲလှယ်ရန် ပြင်ဆင်လိုက်တယ်လိုက်တယ်လို့ ဗဟိုဘဏ် ကပြောပါတယ်။

ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းအစား ၅၀ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ်( ၁၂/၂၀၂၂)ပါ သတ်မှတ်ညွှန်ကြားချက်များအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက် ရန် ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ဆိုပါတယ်။

အရင်က ပို့ကုန်တင်ပို့သူများ ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်များအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ဖြစ်ကြောင်း (၅-၈-၂၀၂၂)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၆/၂၀၂၂)ဖြင့် သတ်မှတ်ခဲ့တာ ဖြစ်ပြီးအခု အခါ ပြန်လည် ပြင်ဆင်လိုက်တာလို့ ထုတ်ပြန်ချက်ထဲ ဖော်ပြ ထားပါတယ်။

လိုက်နာခြင်းမရှိပါက နိုင်ငံခြားငွေစီမံခန့်ခွဲမှု ဥပဒေအရ အရေးယူခြင်းခံရမယ်ဆိုပြီးတော့ လည်း ဖော်ပြထားပါတယ်။

လက်ရှိမှာ ပြည်တွင်းက ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ပို့ကုန်ရငွေတွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဒေါ်လာကနေ ကျပ်ငွေကို ပြောင်းလဲရတာဖြစ်ပြီး အဲဒီလို ကျပ်ငွေ လဲလှယ်တဲ့နေရာမှာလည်း ဗဟိုဘဏ်က သတ်မှတ်ထား အမေရိကန် တစ်ဒေါ်လာ ကို ကျပ် ၂၁၀၀ နဲ့ လဲလှယ်ရတာပါ။
အခုဗဟိုဘဏ်ရဲ့ပြင်ဆင်ချက်က ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်း မဟုတ်တော့ဘဲ ၅၀ ရာခိုင်နှုန်းပဲ ကျပ်ငွေလဲလှယ်လို့ရတယ်ဆိုပြီး ပြင်ဆင်လိုက်တဲ့သဘောပါ။

Source; One news