ပိုင်ရှင်တူကလပ်အသင်းများ အချင်းချင်း အငှားချသည့် အစီအစဉ်ကို ပိတ်ပင်တားမြစ်ရန်ဆန္ဒရှိ

ပရီးမီးယားလိဂ်ကလပ်အသင်းများသည် ပိုင်ရှင်တူ အဆက်အသွယ်ရှိသည့်ကလပ်အသင်းများ အချင်းချင်း အငှားချသည့် အစီအစဉ်ကို ပိတ်ပင်တားမြစ်ရန် ဆန္ဒရှိနေကြကြောင်း သိရသည်။
လက်ရှိအချိန်တွင် နယူးကာဆယ်ယူနိုက်တက်အသင်း၏ ပိုင်ရှင်ဖြစ်သူသည် ဆော်ဒီပရိုလိဂ်၏ ထိပ်တန်းကလပ်အသင်း (၆)သင်းကို ပိုင်ဆိုင်ထားပြီး၊ ဆော်ဒီလိဂ်မှ ကစားသမားများကို နယူးကာဆယ်အသင်းထံသို့ အငှားချထားရန် စီစဉ်နေသည်ဟု သတင်းများထွက်ပေါ်လျက် ရှိသည်။
နယူးကာဆယ်အသင်းသည် ယခင်ကလည်း အယ်လ်နာဆာအသင်း၏ ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုအား နယူးကာဆယ်အသင်းသာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်သို့ တက်ရောက်ပါက အငှားဖြင့် ခေါ်ယူမည်ဟု သတင်းများ ထွက်ခဲ့ဖူး သည်။ 

ယခုအချိန်တွင်လည်း နယူးကာဆယ်အသင်းသည် လောင်းကစားမှုများကြောင့် ကာလရှည်ပွဲပယ်ခံနေရသည့် အသင်း၏ ကွင်းလယ်လူ တိုနာလီနေရာတွင် အစားထိုးရန်အတွက် ဝုလ်ဗ်အသင်း၏ ကစားသမားဟောင်းနှင့် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်း၏ ကွင်းလယ်လူဖြစ်သည့် ရူဘင်နေးဗက်စ်ကို အငှားဖြင့်ခေါ်ယူမည်ဟု သတင်းများထွက်ပေါ်နေရာ ပရီးမီးယားလိဂ်ကလပ်များက တားမြစ်ပေးစေလိုခြင်းဖြစ်သည်။ 

crd;