ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဟက်ထရစ် သိမ်းပိုက်လိုက်တဲ့ မန်စီးတီး

စနေည ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်က နော်တင်ဟမ်ကိုရှုံးနိမ့်ခဲ့တဲ့နောက် မန်စီးတီးအသင်း ချဲလ်ဆီးနဲ့ပွဲမတိုင်ခင်မှာဘဲ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၃ နှစ်ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဂန်းနားတွေဟာ ရာသီတစ်လျှောက်လုံးအမှတ်ပေးဇယားထိပ်မှာ ရက်ပေါင်း ၂၅၀ နီးပါးအထိ ရပ်တည်ပြီး ဂွါဒီယိုလာရဲ့အသင်းကို စိုးမိုးခဲ့ပေမယ့် ဇာတ်သိမ်းပိုင်းမှာခြေချော်ခဲ့တာဖြစ်တယ်။

တကယ်တော့ မန်စီးတီးဟာ ချဲလ်ဆီးကိုအနိုင်ကစားပြီး ချန်ပီယံဆုကိုသိမ်းပိုက်မယ်လို့ ယူဆထားကြပေမယ့် သူတို့ရဲ့အနီးဆုံးပြိုင်ဘက်က နော်တင်ဟမ်ကိုရှုံးသွားတာကြောင့် လမ်းပတ်ရဲ့အသင်းက ပွဲမတိုင်ခင် ဥမင်လှိုင်ခေါင်းအထွက်မှာ မန်စီးတီးအသင်းကို ဂုဏ်ပြုပေးသွားရတော့မှာပါ။ အာတီတာရဲ့အသင်းဟာ အဝိုနီယီရဲ့ဦးဆောင်ဂိုးကြောင့် နောက်ကလိုက်ကစားခဲ့ရပြီး နော်တင်ဟမ်ဂိုးပေါက်ကို ထိရောက်တဲ့ခြိမ်းခြောက်မှုတွေမလုပ်နိုင်ခဲ့တာဖြစ်တယ်။

နော်တင်ဟမ်က အာဆင်နယ်ကိုအနိုင်ရလိုက်တာဟာ ချန်ပီယံဆုအတွက်အဖြေထွက်သွားခဲ့သလို ဖောရက်စ်တွေအတွက်လည်း ပရီးမီးယားလိဂ် တန်းဆင်းဇုန်တိုက်ပွဲမှာ အာမခံချက်ရသွားခဲ့ပါတယ်။ ဂွါဒီယိုလာရဲ့အသင်းကတော့ ပရီးမီးယားလိဂ်သမိုင်းမှာ ၃ နှစ်ဆက်ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ မြို့ခံပြိုင်ဘက် ယူနိုက်တက်ရဲ့စံချိန်ကို အမီလိုက်ခဲ့တာဖြစ်တယ်။ တကယ်လို့ အက်ဖ်အေဖလား ဗိုလ်လုပွဲနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေမှာ မန်စီးတီးအသင်းထပ်ဆင့်အနိုင်ရလိုက်မယ်ဆိုရင်တော့ တစ်ရာသီတည်းမှာ Treble အောင်မြင်မှုရတဲ့ ဒုတိယမြောက် အင်္ဂလိပ်ကလပ်အဖြစ် မှတ်တမ်းဝင်နိုင်မှာပါ။