နျူကလီးယားလက်နက်တိုးချဲ့မှုတွင် တရုတ်နိုင်ငံက ဦးဆောင်နေသည်ဟုဆို

ပထဝီနိုင်ငံရေးတင်းမာမှုများ မြင့်တက်နေသောကြောင့် နိုင်ငံအများအပြား၏ နျူကလီးယားလက်နက်များ၊ အထူးသဖြင့်တရုတ်နိုင်ငံ၏ နျူကလီးယားလက်နက် အရေအတွက်သည် ၂၀၂၂ ခုနှစ်တွင် ကြီးထွားလာခဲ့ပြီးအခြားသော နျူကလီးယား လက်နက်ပိုင် နိုင်ငံများသည်လည်း ခေတ်မီစေရန် ဆက်လက်လုပ်ဆောင်ခဲ့သည်ဟု သုတေသီများက ဇွန်လ ၁၂ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကမ္ဘာ့နျူကလီးယားလက်နက်အင်အားကြီး ၉ နိုင်ငံရှိ နျူကလီးယားလက်နက် များဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာတွင် အဆိုပါလက်နက်များပိုင်ဆိုင်ကြောင်း အသိ အမှတ်ပြုခြင်းမရှိသော အစ္စရေးသည် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့နှင့်အတူ ၎င်း၏လက်နက်သိုလှောင်မှုကို တိုးချဲ့ခြင်းမပြုသည့် ၄ နိုင်ငံအနက်မှ တစ်နိုင်ငံ ဖြစ်သည်ဟု အခိုင်အမာပြောကြားခဲ့ကြောင်း၊ ကမ္ဘာတစ်ဝှမ်း နျူကလီးယား လက်နက် အရေအတွက် ကျဆင်းသည့် ကာလကြာရှည်မှုသည် ပြီးဆုံးရန် နီးကပ်လာနေပြီး ဖြစ်ကြောင်း စတော့ပ်ဟုမ်းအခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနသိပ္ပံ (SIPRI)မှ ဒါရိုက်တာ ဒန်စမစ် က ပြောကြားခဲ့ပါသည်။

ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ အစ္စရေး၊ မြောက်ကိုးရီးယား၊ ပါကစ္စတန်၊ ရုရှားနှင့်အမေရိကန်တို့ရှိ နျူကလီးယားထိပ်ဖူး စုစုပေါင်းပမာဏသည် ၂၀၂၃ ခုနှစ် အစပိုင်းတွင် ၁၂,၅၁၂ ရှိပြီး ၂၀၂၂ ခုနှစ်အစပိုင်းတွင် ၁၂,၇၁၀ မှ ကျဆင်းသွားခဲ့ခြင်း ဖြစ်ကြောင်း၊ SIPRI ၏ အဆိုအရ ယင်းတို့အနက် ၉,၅၇၆ ခုသည် ဖြစ်နိုင်ချေရှိသော စစ်ဘက်ဆိုင်ရာ လက်နက်တိုက်များတွင်ရှိနေကြပြီး ယခင်နှစ်ထက် ၈၆ ခု ပိုများ လာကြောင်း၊ တပ်ဖြန့်ထားသော ထိပ်ဖူးအရေအတွက် ၃,၈၄၄ ခုသည်လည်း ၂၀၂၂ ခုနှစ်က SIPRI အစီရင်ခံတင်ပြထားသည့်အတိုင်း ထိပ်ဖူး ၃၇၃၂ ခုမှ တိုးလာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

SIPRI သည် ဖျက်သိမ်းရန်စီစဉ်ထားသော လက်နက်အဟောင်းများပါ၀င်သည့် နိုင်ငံများ၏ သိုလှောင်မှုနှင့် ၎င်းတို့၏ စုစုပေါင်းစာရင်းကို ပိုင်းခြားထားကြောင်း၊ အချို့နိုင်ငံများအတွက် သိုလှောင်ထားသည့် ထိပ်ဖူးများမည်မျှအထိ တပ်ဆင်ထားသည် ကိုလည်း တွက်ချက်ထားကြောင်း၊ သိုလှောင်မှုမှာအသုံးပြုနိုင်သော နျူကလီးယား ထိပ်ဖူးများဖြစ်ပြီး အရေအတွက်များ မြင့်တက်လာကြောင်း၊ ၁၉၈၀ ပြည့်နှစ်များက မှတ်သားထားသည့် ၇၀၀၀၀ အရေအတွက်နှင့် ဝေးကွာနေသေးကြောင်း၊ တိုးမြင့်မှု အများစုမှာ ဒုံးကျည်ထိပ်ဖူး ၃၅၀ မှ ၄၁၀ အထိ သိုလှောင်ထားသော တရုတ်နိုင်ငံမှ ဖြစ်ကြောင်း၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် မြောက်ကိုရီးယားတို့ကလည်း ၎င်းတို့၏သိုလှောင်မှု များကို တိုးမြှင့်ခဲ့ပြီး ရုရှား၏ သိုလှောင်မှုမှာ ၄,၄၈၉ မှ ၄,၄၇၇ အထိ နည်းပါးသွားခဲ့ကာ ကျန်နျူကလီးယားအင်အားကြီးနိုင်ငံများက ယင်းတို့၏နျူကလီးယားလက်နက်အရေ အတွက်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရှိရပါသည်။

SIPRI က အစ္စရေး၏ နျူကလီးယားသိုလှောင်မှုတွင် ထိပ်ဖူး ၉၀ ခုဖြင့် တည်ငြိမ်နေမည်ဟု ခန့်မှန်းထားသော်လည်း ၎င်း၏နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ အစ္စရေး၏ ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် သိသာထင်ရှားသော မသေချာမရေရာမှုများရှိနေမှုကို သတိပေးခဲ့ကြောင်း၊ ရုရှားနှင့် အမေရိကန်တို့သည် နျူကလီးယားလက်နက်အားလုံး၏ ၉၀ ရာခိုင်နှုန်းနီးပါး ကျန်ရှိနေသေးကြောင်း၊  SIPRI မှ သုတေသီများက နျူကလီးယားလက်နက် ထိန်းချုပ်ရေးနှင့် လက်နက် ဖျက်သိမ်းရေးဆိုင်ရာ သံတမန်ရေးရာကြိုးပမ်းမှုများတွင် ရုရှား၏ ယူကရိန်းကို ကျူးကျော် ပြီးနောက် ဆုတ်ယုတ်မှုများ ကြုံတွေ့ခဲ့ရသည်ဟု မှတ်ချက်ပြုထားကြောင်း၊ ဥပမာအားဖြင့် အမေရိကန်သည် ယူကရိန်းပဋိပက္ခဖြစ်ပွားပြီးနောက် ရုရှားနှင့်၎င်း၏ နှစ်နိုင်ငံ မဟာ ဗျူဟာမြောက်တည်ငြိမ်ရေးဆွေးနွေးမှုကို ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။