နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို ယခင်နှစ်များထက် ပိုမိုစည်ကားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်ပြီး ကိုရီးယားနိုင်ငံမှ K-POP အဆိုရှင်များနှင့် နာမည်ကြီးအနုပညာရှင်များ ပါဝင်ဆင်နွှဲမည်ဖြစ်သကဲ့သို့ ရုရှားနိုင်ငံသံရုံးမှ မဏ္ဍပ်တစ်ခုနှင့် မြန်မာတရုတ်ချစ်ကြည်ရေးအသင်းမှလည်း ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လူငယ်အနုပညာအဖွဲ့ Tavrida-Art မှ ပင်တိုင်အမျိုးသမီး တေးသံရှင် Nika Dubik ဦးဆောင်ပါဝင်သော အနုပညာရှင်များ၏ သီဆိုဖျော်ဖြေ မှုပါဝင်မည်ဖြစ်ပြီး ယခုနှစ်သင်္ကြန်တွင် မြန်မာနိုင်ငံမှ လူငယ်အဆိုတော် မိုးအာကာဝင်းနှင့် တွဲဖက်၍ မြန်မာ – ရုရှားနှစ်ဘာသာ ပေါင်းစပ်ရေးသားထားသော မြူးကြွသည့် သီချင်းအသစ်များနှင့် သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော် လမ်းလျှောက်သင်္ကြန်သည် နိုင်ငံတော်က စီမံကျင်းပသည့် နှစ်သစ်ကူးပွဲတော်ဖြစ်သည့်အတွက် ဝန်ကြီးဌာနအားလုံး၊ ဝန်ထမ်းများအားလုံးနှင့် ပြည်သူလူထု စုပေါင်းပျော်ရွှင်စေရန် ရည်ရွယ်ချက်ပါဝင်ပြီး ယနေ့ ဖြစ်ပေါ်နေသည့် နိုင်ငံတော်၏ အနေအထားအရ ဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ စည်းလုံးမှု၊ ပြည်သူနှင့်အစိုးရ၏ ပေါင်းစည်းမှု၊တစ်သားတည်းဖြစ်မှုကို ပြသသည့် အနှစ်သာရကို ဖော်ဆောင်သည့် ပွဲတော်တစ်ခုဖြစ်ကြောင်း ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုံးက ပြောသည်။

နေပြည်တော်သင်္ကြန်တွင် ယခင်နှစ်များကဲ့သို့ ယိမ်းအဖွဲ့များ အနုပညာရှင်များလည်း ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

#PAN