ကြက်သွန်နီဈေးတက်လာလို့ သိုလှောင်ထားသူတွေ ထုတ်ရောင်း

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က အဝယ်လိုက်လာတာကြောင့် ပြည်တွင်း ကြက်သွန်နီစျေးနှုန်းတွေဟာ ၁ ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၃,၇၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်လာခဲ့ချိန်မှာတော့ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ထဲက ကြက်သွန်တောင်သူတွေဟာ ဆောင်းကြက်သွန်နီ (ခေါ်) လှောင်ကြက်သွန်နီတွေကို ထုတ်ရောင်းလာကြတယ်လို့ သိရပါတယ်။

ဆောင်းကြက်သွန်နီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လအတွင်းမှာ တစ်ပိဿာကို ၂၂၀၀ ကျပ်ကနေ ၃၀၀၀ ကျပ်ဈေးထိ ဈေးနှုန်းတက်ခဲ့သလို ယခုလ နောက်ဆုံးပတ်မှာတော့ ၃၃၀၀ ကျပ်ကနေ ၃၇၀၀ ကျပ်ထိ ဈေးတက်လာတာဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးဝန်ကြီးဌာန အတွင်းဝန် ဝဟီဒါအက်ခ်တာက မြန်မာအပါအဝင် နိုင်ငံပေါင်း ၉ နိုင်ငံကနေ ကြက်သွန်တင်သွင်းခွင့်ပြုမယ်လို သြဂုတ် ၂၇ ရက်က ပြောကြားခဲ့သလို မြန်မာနိုင်ငံကနေ ကြက်သွန်တန်ချိန် ၂၀၀ ဝယ်ယူသွားမယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ ဘယ်အချိန်မှာ တင်သွင်းသွားမယ်ဆိုတာကိုတော့ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။

ယခုလို ကြက်သွန်နီစျေးနှုန်း အဆမတန် မြင့်တက်ခဲ့တာဟာ တောင်သူတွေအတွက် အကျိုးအမြတ်ရှိတာမှန်ပေမဲ့ စားသုံးသူတွေပေါ်မှာတော့ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လိုလည်း ဈေးကွက်လေ့လာသူတွေက ဝေဖန်မှုတွေရှိနေတယ်လို့ သိရပါတယ်။