နိုဝင်ဘာ ၉ ရက်နေ့ မှုခင်းသတင်းများ

-နိုဝင်ဘာ ၈ ရက် ၁၆၀၀ နာရီတွင် စစ်ကိုင်းမြို့နယ်၊ သဲဖြူချောင်းကျေးရွာနေ ဦးမျိုးမြတ်(၅၁)နှစ်သည် နေအိမ်ရှေ့ ထိုင်ခုံ၌ ထိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်လုပ်ပစ္စတိုဖြင့် ပစ်ခတ်ခဲ့ရာ ဦးမျိုးမြတ်တွင် ဝဲပါး ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့သဖြင့် မန္တလေးမြို့ပြည်သူ့ဆေးရုံသို့  ပို့ဆောင်ခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၈ ရက် ၁၇၄၅ နာရီတွင် ပေါက်ခေါင်းမြို့နယ်၊ ကျောက်ပြင်သာကျေးရွာတွင် နေထိုင်သော ဦးဝင်းနိုင်(၅၀)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သူ ၅ ဦး ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးဝင်းနိုင်တွင် ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၈ ရက် ၀၇၃၀ နာရီတွင် ရေစကြိုမြို့နယ်၊ ပေါင်းလောင်းကျေးရွာနေ ဇင်မျိုးထွန်း(၃၀)နှစ်နှင့် ကောင်းမြတ်ထွန်း (၂၁)နှစ်တို့သည် ပဲရောင်းရန် ပခုက္ကူမြို့သို့ သုံးဘီးယာဉ်ဖြင့် ထွက်ခွာလာစဉ် လေယာဉ်ကွင်းသစ်အနီးအရောက်၌ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် ဇင်မျိုးထွန်းတွင် ဝဲခြေထောက်မိုင်းစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)၊ ကောင်းမြတ်ထွန်းတွင် ဝမ်းဗိုက်၊ ယာပေါင်၊ ယာခြေသလုံး မိုင်းစဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၈ ရက် ၀၉၅၅ နာရီတွင် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်အနီးသို့ PDF အကြမ်းဖက်အဖွဲ့ဝင် ၁ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်ပစ်ဗုံး ၁ လုံး ပစ်ပေါက် ထွက်ပြေးသွားခဲ့ရာ ပေါက်ကွဲမှုကြောင့် ပြည့်ဖြိုးဇော်(၃၀)နှစ်တွင် ယာခြေဖဝါး ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ နှင်းသန္တာဝင်း(၂၇)နှစ်တွင် ယာလက်မောင်း ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၈ ရက် ၁၁၀၀ နာရီတွင် ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာနေ မခင်သီစိုး၏ နေအိမ်၌ မြင်းချင်းကျေးရွာနေ  မောင်ဇော်မင်းထွန်းနှင့် မခင်သီစိုး တို့၏ မင်္ဂလာဧည့်ခံပွဲ ပြုလုပ်နေစဉ် PDF အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)၏ Drone ယာဉ် ၁ စင်းသည် ကျောက်မြင့်ကျေးရွာဘက်မှ ပျံသန်းရောက်ရှိလာပြီး မင်္ဂလာပွဲဧည့်ခံပွဲအတွင်းသို့ ၆၀ မမ ဗုံးသီး ၁ လုံး၊ လက်လုပ်ဗုံးသီး ၁ လုံး ပစ်ချဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုကြောင့် မင်္ဂလာပွဲတွင် ရောက်ရှိ နေသည့် မြင်းချင်းကျေးရွာနေ သက်ခိုင်ဦး(၃၅)နှစ်တွင် နောက်ကျောဗုံးစထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ကျား ၁ ဦး၊ မ ၂ ဦး၊ ပေါင်း ၃ ဦးတွင်(စိုးရိမ်ရ)ဒဏ်ရာ၊ ကျား ၆ ဦး၊ မ ၁၉ ဦး၊ ပေါင်း ၂၅ ဦးတို့တွင် (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့သဖြင့် ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၈ ရက် ၀၉၀၀ နာရီတွင် ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာ၊ မင်းကြီးဘုန်းကြီးကျောင်းအတွင်းရှိ ဓမ္မာရုံ၌ ကိုဟိန်းဇော်နှင့် မဆုရည်လှိုင် တို့၏ မင်္ဂလာဆွမ်းကျွေးပြုလုပ်နေစဉ် PDF အကြမ်းဖက်အဖွဲ့၏ Drone ယာဉ် ၁ စင်းသည် ရွှေဘိုမြို့နယ်၊ ကျောက်မြင့်ကျေးရွာဘက်မှ ပျံသန်းရောက်ရှိလာပြီး Drop ဗုံး ၁ လုံး ပစ်ချဖောက်ခွဲတိုက်ခိုက် ခဲ့ရာ ပေါက်ကွဲမှုကြောင့် မင်္ဂလာဆွမ်းကျွေးအခမ်းအနားရှိ မင်းကြီးဘုန်းကြီးကျောင်းတိုက်မှ ဆရာတော် ဥူးတေဇ သက်တော်(၇၇)နှစ်တွင် နောက်ကျော ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ ဒေါ်ဖြူဖြူဝင်း(၅၆)နှစ်တွင် ယာတင်ပါး မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရ။