နိုဝင်ဘာ ၁၁ ရက်နေ့မှုခင်းသတင်းများ

-နိုဝင်ဘာ ၁၀ ရက် ၁၇၂၅ နာရီတွင် မိုးကောင်းမြို့နယ်၊ ကဝါးယံကျေးရွာတွင် နေထိုင်သည့် ဦးနော်ဆန်း(၃၀)နှစ်၊ မဖော်ယမ်ကော(၃၀)နှစ်နှင့် မခေါန်ဒင့်(၃၂)နှစ်တို့ ၃ ဦးသည် ကဝါးယံကျေးရွာ အနောက်တောင်ဘက်ရှိ တောထဲသို့ ဟင်းရွက်ရှာပြီး ပြန်လာခဲ့စဉ် KIA(ကချင်)အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသည့် တိုက်မိုင်း ၁ လုံးအား တိုက်မိပေါက်ကွဲသဖြင့် ဦးနော်ဆန်းတွင် ဝမ်းဗိုက်မိုင်းစ ဖောက်ဝင်ဒဏ်ရာ၊ ယာရင်အုံ မိုင်းစထိမှန်ဒဏ်ရာ၊ ဝဲ/ယာခြေသလုံး မိုင်းစဖောက်ဝင်ဒဏ်ရာ၊ ယာဘက်မျက်လုံးအောက်၊ ပါးနှင့်နားရွက် တို့တွင် မိုင်းစရှပ်ထိဒဏ်ရာ(စိုးရိမ်ရ)၊ မဖော်ယမ်ကောတွင် ယာဘက်လက်ဖျံနှင့် ခြေထောက်တွင် မိုင်းစ ဖောက်ဝင်ဒဏ်ရာ (မစိုးရိမ်ရ)၊ မခေါန်ဒင့်(၃၂)နှစ်၊ ယာဘက်လက်နှင့် ဒူးတွင် မိုင်းစဖောက်ဝင်ဒဏ်ရာ (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၁၀ ရက် ၁၇၀၀ နာရီတွင် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်နေ ဦးမြင့်စိုး(၆၀)နှစ်သည် တင်းတိပ်ရပ်ကွက်၊ မန္တလေး- မြစ်ကြီးနားမီးရထားလမ်းဘေး၊ ရထားဂိတ်စောင့်တဲအနီး၌ ထိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် (စိစစ်ဆဲ) အင်အား ၂ ဦးသည် ပစ္စတိုသေနတ်ကိုင်ဆောင်၍ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာခဲ့ပြီး ပစ်ခတ်ခဲ့ရာ ဦးမြင့်စိုးတွင် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ မေးရိုးအောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ယာလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာနံကြားကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာပေါင်ရင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲလက်ပြင်အောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲခါးအထက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၁၀ ရက် ၁၅၀၀ နာရီတွင် မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ၊ သပြေပင်ပန်းခြံအနီးတွင် (စိစစ်ဆဲ) ကျား ၁ ဦး တွင် ဦးခေါင်းကြေမွဒဏ်ရာ၊ ယာပုခုံးပွန်းပဲ့ ဒဏ်ရာ ၁ ချက်၊ ရင်ဘတ်ညိုမဲဒဏ်ရာ၊ ယာပေါင်ပွန်းပဲ့ဒဏ်ရာ ၂ ချက်တို့ဖြင့်နေရာတွင် သေဆုံးနေကြောင်း သိရှိရ။

-နိုဝင်ဘာ ၁၀ ရက် ၀၈၀၀ နာရီတွင် ဖြူးမြို့နယ်၊ ဘန်းလောင်ကျေးရွာအုပ်စု၊ လက်ပံတန်းကျေးရွာနေ ဦးစိုးနိုင်(၄၅)နှစ်သည် နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်ခေါင်းဆောင် (စိစစ်ဆဲ)အင်အား ၇ ဦးခန့်သည် ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး ဦးစိုးနိုင်အား ဖမ်းဆီး၍ ကျောက်ကြီးမြို့နယ်၊ စစ်တောင်းမြစ် ကမ်းဘေးရှိ မွေတွင်းကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။