နိုင်ငံတကာသတင်းပေါင်းချုပ်

-အိန္ဒိယနိုင်ငံသည် Agni Prime အမည်ရှိ မျိုးဆက်သစ်ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည် ဟု The defense post သတင်းဌာနက ဇွန်လ ၁၂ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါ Agni Prime ဒုံးကျည်သည် အကွာအဝေး ၂,၀၀၀ ကီလိုမီတာ (၁,၂၄၃ မိုင်) အထိ ထိရောက်မှုရှိပြီး အိန္ဒိယနိုင်ငံ၏ အခြားသောဒုံးကျည်များထက် ပိုမိုတိကျပြီး ကြားဖြတ်ဟန့်တားရန်ခက်ခဲကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားပါ သည်။ ၎င်းဒုံးကျည်တွင် ခေတ်မီလမ်းကြောင်းပြစနစ်များအပြင် ထိန်းချုပ်ရေးစနစ် များနှင့် လမ်းညွှန်မှုစနစ်သစ်များပါဝင်ကြောင်း သိရှိရပါသည်။

-အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ (Narendra Modi) ၏ ဇွန်လ ၂၁ ရက်မှ ၂၄ ရက် အထိ အမေရိကန်နိုင်ငံသို့ အလည်အပတ်လာရောက်မည့်ခရီးစဉ်သည် နှစ်နိုင်ငံပြည်သူ များအကြား မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာအားကောင်းလာစေမည်ဖြစ်ကြောင်း တောင်အာရှဒေသဆိုင်ရာ အမေရိကန်သံတမန် အတူကီရှပ် (Atul Keshap) က ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ (Washington D.C) မြို့၌ ဇွန်လ ၁၂ ရက်တွင် ပြုလုပ်ခဲ့သည့် အမေရိကန်-အိန္ဒိယစီးပွားရေးကောင်စီ (US-India Business Council -USIBC) က ကျင်းပပြုလုပ်သည့် ‘India Ideas Summit’ တွင် အတူကီရှပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ဝန်ကြီးချုပ် မိုဒီ၏ အမေရိကန်သို့ လာရောက်မည့် ခရီးစဉ်သည် နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှုများ မြင့်တက်လာစေမည်ဟု ယုံကြည်ကြောင်း အတူကီရှပ်က ပြောကြားထားပါသည်။ ထို့ပြင် အိန္ဒိယနိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံးသောနိုင်ငံအဖြစ် တေွ့မြင်ရလျက်ရှိသည်ဟု အတူကီရှပ်က ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

-တရုတ်နိုင်ငံသည် စစ်ရေယာဉ်များမှ ကျည်စစ်ကျည်မှန်များကို အသုံးပြု၍ အရှေ့တရုတ်ပင်လယ်၌ ဇွန်လ ၁၃ ရက်တွင် စစ်ရေးလေ့ကျင့်မှုများ စတင်ပြုလုပ် လျက်ရှိကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အမေရိကန်၊ ဂျပန်၊ ကနေဒါနှင့် ပြင်သစ်နိုင်ငံတို့သည် ဖိလစ်ပိုင်ပင်လယ်ပြင်၌ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိစဉ် တရုတ်နိုင်ငံ၏ အဆိုပါစစ်ရေးလေ့ကျင့်ခန်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ တရုတ်အနေဖြင့် အရှေ့တရုတ်ပင်လယ်၏ မြောက်ဘက်ပိုင်းတွင်လည်း အလားတူစစ်ရေးလေ့ကျင့်မှုများကို ဇွန်လ ၁၄ ရက်မတိုင်မီ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရပါသည်။

-တရုတ်နှင့် အာရှအလယ်ဒေသနိုင်ငံများရှိ နိုင်ငံရေးပါတီများ၏ ပထမအကြိမ် အစည်းအဝေးကို တရုတ်နိုင်ငံ၊ မြို့တော် ဘေကျင်း (Beijing) ၌ ဇွန်လ ၁၂ ရက်တွင် ကျင်းပခဲ့ပြီး အာရှအလယ်ဒေသရှိ အဓိကနိုင်ငံရေးပါတီ ၂၆ ခုမှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်ဟု China.org သတင်းဌာနက ဇွန်လ ၁၃ ရက်တွင် ဖော်ပြထားပါ သည်။ အဆိုပါအစည်းအဝေးသည် အနာဂတ်တွင် တရုတ်-အာရှအလယ်အသိုက်အဝန်း တည်ဆောက်ရေးအတွက် ပိုမိုတိုးတက်မှုများဖြစ်ပေါ်စေကြောင်း တရုတ်ကွန်မြူနစ် ပါတီ၏ နိုင်ငံတကာဌာနအကြီးအကဲ လုဂျီးယန်ရှောင် (Liu Jianchao) က ပြောကြား ထားပါသည်။ တရုတ်အနေဖြင့် အာရှအလယ်ဒေသနိုင်ငံများနှင့် နိုင်ငံရေးအရ အပြန် အလှန်ယုံကြည်မှု၊ ရပ်ဝန်းနှင့်လမ်းကြောင်းအစီအစဉ်၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာလုံး ဆိုင်ရာ တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဂျီးယန်ရှောင်က အဆိုပါအစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

-တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယောလ် (Yoon Suk Yeol) သည် လာမည့်သီတင်းပတ်တွင် ပြင်သစ်နိုင်ငံ၊ ပဲရစ် (Paris) မြို့၌ ကျင်းပမည့် ကမ္ဘာ့ ကုန်စည်ပြပွဲ (World Expo) ကို ကြီးကြပ်ကွပ်ကဲသည့် Bureau  International des Expositions (BIE) အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း Yonhap သတင်း ဌာနက ဇွန်လ ၁၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံသည် ၂၀၃၀ ပြည့်နှစ် တွင် ကမ္ဘာ့ကုန်စည်ပြပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပရန်အတွက် အီတလီ၊ ယူကရိန်းနှင့် ဆော်ဒီနိုင်ငံတို့နှင့်အတူ ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ပါသည်။ BIE အစည်းအဝေးကို တက်ရောက်မည့် အစီအစဉ်အား တောင်ကိုရီးယားအစိုးရအဖွဲ့ အစည်းအဝေးအတွင်း ယွန်းက အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

-နယူးဇီလန်ဘဏ္ဍာရေးဝန်ကြီး ဂရန့်ရောဘတ်ဆန် (Grant Robertson) သည် အိမ်နီးချင်းမဟာမိတ်နိုင်ငံဖြစ်သည့် ဩစတြေးလျနိုင်ငံနှင့် ဆက်ဆံရေးပိုမိုခိုင်မာ အားကောင်းစေရေးအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမြှင့်တင်နိုင်ရန်အတွက် ဩစတြေးလျ နိုင်ငံသို့ ဇွန်လ ၁၃ ရက်တွင် ခရီးစဉ်သွားရောက်မည်ဖြစ်ပါသည်။ အဆိုပါခရီးစဉ် အတွင်း ဂရန့်ရောဘတ်ဆန်သည် နှစ်နိုင်ငံအကြားစီးပွားရေးဆိုင်ရာ ဆက်ဆံရေးကို ပိုမိုတိုးမြှင့်နိုင်စေရန်အဓိကရည်ရွယ်၍ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ဩစတြေးလျနိုင်ငံသည် နယူးဇီလန်နိုင်ငံ၏ အကြီးဆုံးသော စီးပွားရေးမိတ်ဖက်နိုင်ငံ ဖြစ်သည့်အပြင် ဒုတိယအကြီးဆုံးသော ကုန်ပစ္စည်းတင်ပို့သည့် နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။

-ရုရှားနိုင်ငံတွင် မောင်းသူမဲ့လေယာဉ်ထုတ်လုပ်သည့် စက်ရုံတည်ဆောက်နိုင်ရန် အတွက် လိုအပ်သောပစ္စည်းများကို အီရန်နိုင်ငံက ကူညီထောက်ပံ့လျက်ရှိသည်ဟူသော အမေရိကန်၏စွပ်စွဲချက်ကို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နာဆာကာနာနီ (Nasser Kanaani) က ငြင်းပယ်ခဲ့ကြောင်း Xinhua သတင်းဌာနက ဇွန်လ ၁၃ ရက်တွင် ဖော်ပြထားပါသည်။ ထို့ပြင် အီရန်အနေဖြင့် ရုရှား-ယူကရိန်းစစ်ရေး ပဋိပက္ခတွင် ရုရှားအား မောင်းသူမဲ့လေယာဉ် ရာနှင့်ချီပေးအပ်ခဲ့သည်ဟူသော အမေရိကန်၏ စွပ်စွဲချက်ကိုလည်း ငြင်းပယ်ထားပါသည်။ အဆိုပါ စစ်ရေးပဋိပက္ခမဖြစ်ပွားမီအချိန် ကတည်းကပင် အီရန်နိုင်ငံအနေဖြင့် ရုရှားနှင့် စစ်ရေးအပါအဝင် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း ကာနာနီက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

-ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်း၌ ပြီးခဲ့သည့်သီတင်းပတ်က ဖြစ်ပွားခဲ့သော ရဟတ်ယာဉ်မတော်တဆပျက်ကျမှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၂၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမေရိကန်စစ်ဘက်က ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ လက်ရှိ တွင် ထိခိုက်ဒဏ်ရာရရှိထားသည့် တပ်ဖွဲ့ဝင်များသည် ဆေးရုံ၌ ကုသမှုခံယူလျက်ရှိပြီး ၎င်းတို့အနက် ၁၀ ဦးမှာ အဆင့်မြင့်ကုသရေးဌာနသို့ ရွှေ့ပြောင်းထားကြောင်းကိုလည်း အမေရိကန်စစ်ဘက်က ထုတ်ပြန်ခဲ့ပါသည်။ ဆီးရီးယားနိုင်ငံ၌ အမေရိကန်တပ်ဖွဲ့ဝင် ၉၀၀ ဦးကျော်ရှိပြီး ၎င်းတို့အနေဖြင့် IS စစ်သွေးကြွအဖွဲ့ကို တိုက်ဖျက်ရာတွင် ကာဒ့် ဦးဆောင်သည့် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့များကို ၂၀၁၅ ခုနှစ်မှစ၍ အကြံပေး ကူညီမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

-အမေရိကန်၏ အရေးယူပိတ်ဆို့မှုများသည် စစ်ဘေးဒဏ်ခံစားနေရသော ဆီးရီးယားနိုင်ငံ၏ ပြန်လည်တည်ဆောက်ရေးကဏ္ဍများတွင် အဓိကအတားအဆီးများ ဖြစ်ပေါ်စေသည်ဟု ဆီးရီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အလက်ဇန်းဒါးအက်ဖီမု (Alexander Efimov) က ပြောကြားခဲ့ကြောင်း Xinhua သတင်းဌာနက ဇွန်လ ၁၃ ရက် တွင် ဖော်ပြခဲ့ပါသည်။ ဆီးရီးယားနှင့် အာရပ်နိုင်ငံအချို့၏ မိတ်ဖက်ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာသော်လည်း ဆော်ဒီအာရေဗျအပါအဝင် ပင်လယ်ကွေ့နိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များတွင် အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုများကြောင့် ရပ်တန့်လျက်ရှိကြောင်း အက်ဖီမုက ပြောကြားထားပါသည်။ အဆိုပါအရေးယူပိတ်ဆို့မှုများကို အမြန်ဆုံးရပ်တန့်သွားရန် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများအနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း အက်ဖီမုက ပြောကြားထားကြောင်း သိရှိရပါသည်။

-အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) အနေဖြင့် နည်းဗျူဟာမြောက် ဒုံးကျည်စနစ်များ (Army Tactical Missile System-ATACMS) အပါအဝင် ပိုမိုခေတ်မီ သော လက်နက်စနစ်များကို ယူကရိန်းနိုင်ငံသို့ပေးပို့ရန် လွှတ်တော်အမတ်များက တောင်းဆိုမှုများပြုလုပ်ခဲ့ကြောင်း The Defense Post သတင်းဌာနက ဇွန်လ ၁၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ ယူကရိန်းနိုင်ငံသည် အဆိုပါလက်နက်များဖြင့် ရုရှားပိုင်နက်အတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်မည်ဆိုပါက တင်းမာမှုများပိုမိုအရှိန်မြင့်တက်လာစေနိုင်သည့် အတွက် အမေရိကန်အစိုးရအနေဖြင့် ATACMS များကိုပေးပို့ရန် ငြင်းဆိုခဲ့သောကြောင့် အမေရိကန်လွှတ်တော်အမတ်များက အထက်ပါအတိုင်း တောင်းဆိုမှုများပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ATACMS သည် ၂၀၂၂ ခုနှစ်မှစ၍ ယူကရိန်းနိုင်ငံ၌ တပ်ဖြန့်ချထားခဲ့သည့် လျင်မြန်စွာလှုပ်ရှား စစ်ကစားနိုင်သော ယာဉ်တင်ဒုံးလက်နက်စနစ် (High Mobility Artillery Rocket System-HIMARS) ထက် ထိရောက်စွာပစ်ခတ် နိုင်စွမ်း ၄ ဆ ပို၍ မြင့်မားကြောင်း သိရှိရပါသည်။

-ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန် (Ursula  von der Leyen) သည် ဘရာဇီးလ်သမ္မတ လူးဝစ်အန်စီယိုလူလာဒါဆေးလ်ဗား (Luiz Inacio Lula da Silva)နှင့် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်ပြန်လည်ရရှိရေး ကိစ္စရပ်များ နှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း ABC News သတင်းဌာနက ဇွန်လ ၁၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဗွန်ဒါလီယာအနေဖြင့် ၎င်း၏လက်တင်အမေရိက ခရီးစဉ် အတွင်း ဘရာဇီးလ်သမ္မတနှင့် အထက်ပါအတိုင်း ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်။ ထို့နောက် ၎င်း၏ခရီးစဉ်အတွင်း အာဂျင်တီးနား၊ ချီလီနှင့် မက္ကစီကို သမ္မတများနှင့် ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

-ကုလသမဂ္ဂအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တုအေဂျင်စီ (Intelligence Agency) တစ်ရပ်ဖွဲ့စည်းရေးအတွက် အပြည့်အဝထောက်ခံကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက် (Antonio Guterres) က ဇွန်လ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဇွန်လ ၁၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍတွင် သတင်းအချက် အလက်များ တိကျမှန်ကန်မှုအတွက် ကျင့်ဝတ်စည်းမျဉ်း (Code of Conduct) မှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာဆောင်ရွက်ချက်များကို လုပ်ဆောင်သွားရန်အတွက်လည်း ၎င်းက တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့ပြင် ဂူတာရက်အနေဖြင့် AI နှင့်ပတ်သက်၍ ကျွမ်းကျင်ပညာရှင် ၂ ဦး၊ ကုလသမဂ္ဂအေဂျင်စီများမှ သိပ္ပံပညာရှင်ကြီးများအပါအဝင် ပြင်ပကျွမ်းကျင်ပညာရှင်များပါဝင်သည့် သိပ္ပံနည်းပညာဆိုင်ရာ အကြံပေးဘုတ်အဖွဲ့ကို လာမည့် ရက်ပိုင်းအတွင်း ခန့်အပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။