နားလည်မှုစာချွန်လွှာ ၃စောင် မြန်မာနဲ့ အိန္ဒိယ လက်မှတ်ရေးထိုးခဲ့

စုစုပေါင်း စီမံချက်တန်ဖိုး အမေရိကန်ဒေါ်လာ ၁သိန်းခွဲရှိသည့် နားလည်မှုစာချွန်လွှာ ၃စောင်ကို မြန်မာနဲ့ အိန္ဒိယတို့ လက်မှတ်ရေးထိုးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

နိုဝင်ဘာလ ၆ရက်နေ့က နေပြည်တော်မှာ မြန်မာနိုင်ငံနဲ့ အိန္ဒိယအစိုးရတို့အကြား “မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ(Quick Impact Projects-QIP” အကောင်အထည်ဖော်ရန် နားလည်မှုစာချွန်လွှာ ၃စောင်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

အဆိုပါနားလည်မှုစာချွန်လွှာများမှာ “မြန်မာနိုင်ငံ အလယ်ပိုင်း၊ အပူပိုင်းဇုန်ဒေသရှိ မိုးခေါင်ရေရှားကျေးရွာများမှာ ဆိုလာစွမ်းအင်ဖြင့် ရေပေးဝေရေးစီမံချက်ဆိုင်ရာ နားလည်မှုစာချွန်လွှာ”နဲ့ “ဌာနဆိုင်ရာ အီလက်ထရောနစ်စာကြည့်တိုက် စီမံချက်ဆိုင်ရာ နားလည်မှုစာချွန်လွှာ”တို့ ဖြစ်တယ်လို့ သိရပါတယ်။

အထက်ပါစီမံချက်အရ အပူပိုင်းဇုန် မိုးခေါင်ရေရှားသည့် ဒေသများမှာ ဆိုလာစွမ်းအင်ဖြင့် သန့်ရှင်းသောရေ လုံလောက်စွာ ပေးဝေနိုင်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် “ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်မှာ အသေးစား လေစွမ်းအင်ဖြင့် ကျေးလက်ဒေသများ လျှပ်စစ်မီးပေးရေး စီမံချက်ဆိုင်ရာ နားလည်မှုစာချွန်လွှာ”လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

စီမံချက်တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၅၀၀၀၀ တန်ဖိုး ခွင့်ပြုပေးပြီး စီမံချက်များ အထောက်အကူဖြစ်စေရန် အိန္ဒိယအစိုးရနဲ့ ဆက်လက်ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။