နဂါးခေါင်းထီးတင်ထားတဲ့ စေတီအကြောင်း

ဒီနဂါးခေါင်းထီးတင်တဲ့စေတီဟာ ထေရဝါဒဗုဒ္ဓဘာသာစေတီတော်မဟုတ်ပါဘူး။ ဒါ့ကြောင့် အရှင်အရဟံတည်ထားတဲ့စေတီမဟုတ်သလို
ဝိဇ္ဇာတို့တည်ထားတဲ့စေတီလည်းမဟုတ်ပါ။
အရည်းကြီးဂိုဏ်သားတို့တည်ထားတဲ့စေတီပဲဖြစ်ပါတယ်။ ပုဂံမင်းတပါးဖြစ်တဲ့ တောင်သူကြီးမင်းခေါ် ညောင်ဦးစောမင်းဟာ သက္ကရာဇ်(၂၉၃) ခု AD ၉၃၁ မှာ နန်းစံပါတယ်။ ထိုဘုရင်ဟာ မင်းမဖြစ်ခင်က သခွားစိုက်တောင်သူတဦးဖြစ်ပါတယ်။
တစ်ရက်မှာ ထိုစဉ်ကပုဂံဘုရင်ဖြစ်တဲ့ သိန်းဃိုဠ်မင်းဟာ တောကစားထွက်လာရင်း ဗိုက်ဆာလှတာနဲ့ သခွားခင်းထဲဝင်ပြီး သခွားသီးတွေကို ဆွတ်ပြီးစားပါတယ်။ သခွားခင်းပိုင်ရှင်ယာသမားလဲ သခွားသီးစားနေတဲ့သူကို ဘုရင်မှန်းမသိဘဲ သူခိုးထင်ပြီး တူရွှင်းနဲ့ရိုက်လိုက်ပါတယ်။
ဒီဒဏ်ရာနဲ့ပဲ သခွားခင်းထဲမှာ သိန်းဃိုဠ်မင်းနတ်ရွာစံသွားပါတယ်။ ဘုရင်နောက်မှာ ခစားရတဲ့ မြင်းခံဟာ ဘုရင်သေပြီးမှ သခွားခင်းထဲရောက်လာပါတယ်။
သူလက်ချက်နဲ့ ဘုရင်သေတယ်လို့ နတ်တွင်းကအမတ်တွေ အထင်မှားမှာစိုးရိမ်တာက တစ်ကြောင်း ဘုရင်ကိုသတ်ရင် ဘုရင်ဖြစ်တဲ့အလေ့ရှိတာက တကြောင်းကြောင့် သခွားတောင်သူကို တိတ်တဆိတ်နန်းတော်ခေါ်သွားပြီး မိဖုရားကြီးနဲ့တိုင်ပင်ပြီး ဘုရင်တင်မြှောက်လိုက်ပါတယ်။ ဘုရင်ဖြစ်သွားတဲ့ တောင်သူကြီးမင်းဟာ သူ့ရဲ့သခွားခင်းနေရာမှာ ဥယျာဉ်ကြီးဆောက်လုပ်ပြီး နဂါးရုပ်တုများ၊ နဂါးစေတီများ ထုလုပ်တည်ထားကိုးကွယ်ပါတယ်။
ထိုအချိန်က ပုဂံမှာဗုဒ္ဓသာသနာ မှေးမှိန်အားပျော့ပြီး အရည်ကြီးဝါဒများက လွှမ်းမိုးနေပြီဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဟာ သရေခေတ္တရာခေတ်ကတည်းက မြန်မာနိုင်ငံအတွင်းသို့ ပျံ့နှံ့ရောက်ရှိနေပြီဖြစ်သော်လည်း ပုဂံခေတ်ဦး AD ၃၀၀ ကျော်ခန့်လောက်မှာ အားပျော့နေပြီလို့ခန့်မှန်းရပါတယ်။ အရည်းကြီးများကလည်း ဗုဒ္ဓဝါဒကိုမျက်ကွယ်ပြုပြီ တန္တရ၊ မန္တရများကို ပဓာနထားကာ မိမိတို့ရဲ့ဝါဒများကို စိတ်ကြိုက်ဖြန့်ဝေကြပါတယ်။
တောင်သူကြီးမင်းဟာ ထိုအရည်းကြီးများနဲ့ပေါင်းပြီး စေတီ၊ ပုထိုးများတည်ထားပါတယ်။
ထိုစေတီများဟာ ဗုဒ္ဓဘာသာစေတီနဲ့ တူသယောင်တည်ထားပေမယ့် နဂါးရုပ်ကိုပဓာနပြုထားပါတယ်။
ဗုဒ္ဓဘာသာအငွေ့အသက်ကျန်နေဆဲဖြစ်တာမို့ နဂါးစေတီ၊နဂါးပုထိုးတွေတည်တဲ့အခါမှာလည်း ဗုဒ္ဓဘာသာစေတီ၊ပုထိုးတွေအတိုင်း ပုံစံယူတည်ကြတာပါ။
တောင်သူကြီးမင်းဟာ နဂါးပုထိုးစေတီတွေ တည်ပြီး နံနက်၊ ညတွေမှာ ထမင်းဟင်း၊ သေရည်များ တင်ဆက်ပသလေ့ရှိပါတယ်။
နတ်တော်ကျောင်းဒကာ မင်းကျမ်းသာလို့အမည်ခံပါတယ်။ ဒီကာလတွေဟာ နဂါးကိုးကွယ်မှုအလွန်အားကောင်းတဲ့ ကာလဖြစ်ခဲ့ပါတယ်။
ထိုခေတ်အကြွင်းအကျန်ဖြစ်တဲ့ နဂါးကိုးကွယ်မှုဟာ အချို့နေရာတွေမှာ ယခုထက်တိုင် ရှိနေဆဲဖြစ်ပါတယ်။
ထိုကဲ့သို့သောစေတီမျိုးကို ထိုစဉ်က အရည်ကြီးတို့ လွှမ်းမိုးခဲ့တဲ့ မြန်မာနိုင်ငံအလည်ပိုင်းဒေသတချို့မှာ ယခုတိုင်တွေ့နိုင်ပါတယ်။
ထိုစေတီများဟာ အပေါ်ထီနေရာမှာ ထီးတော်မဟုတ်ဘဲ နဂါးခေါင်းတင်ထားတာကလွဲရင် ဗုဒ္ဓဘာသာစေတီအတိုင်းဖြစ်နေတာမို့ သမိုင်းမသိတဲ့နှောင်းခေတ်လူတွေက ရှေးဟောင်းစေတီ၊ ရှေးဆရာတော်တွေ၊ ဝိဇ္ဇာတွေ တည်ထားခဲ့တဲ့စေတီလို့ ထင်မှတ်သွားကြတာဖြစ်ပါတယ်။
ဒီနေရာမှာ နဂါးရုံရုပ်ပွားတော်၊ နဂါးရုံစေတီတို့နဲ့ အရည်းကြီးဘုရားတို့နဲ့ မလွဲဖို့လိုပါတယ်။ နဂါးရုံဘုရားက အားလုံးသိထားတဲ့အတိုင်း ရုပ်ပွားတော်ကို နဂါးကပါးပျဉ်းနဲ့ အုပ်မိုးကာထားတဲ့ပုံတော်ပါ။ နဂါးရုံစေတီကတော့ စေတီကိုနဂါးက ရစ်ပတ်ထားပြီး ထီးတော်ကို သူ့ရဲ့ပါးပျဉ်းနဲ့ အုပ်မိုးကာကွယ်ထားတာပါ။ အရည်းကြီးဘုရားကတော့ စေတီကိုရစ်ပတ်ပြီး ထီးတော်ကို နဂါးခေါင်းထည့်ထားတာပါလို့ သိရပါတယ်ရှင်။ (ဓမ္မဝီရ ဒေါက်တာတေဇနိယရေးသားခြင်းမှ ကူးယူဖော်ပြသည်။)