ဒီနှစ်ကမ္ဘာ့ဖလားရဲ့ တတိယအကောင်းဆုံးအသင်းက ခရိုအေးရှားလား၊ မော်ရိုကိုလား?

ဒီနေ့ စနေည ၉ နာရီ ၃၀ မိနစ်မှာတော့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ တတိယနေရာလုပွဲကို ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပွဲမှာတော့ အုပ်စု F အတွင်းမှာ အတူကျရောက်ခဲ့ကြတဲ့ ခရိုအေးရှားနဲ့ မော်ရိုကိုတို့ ဆုံတွေ့နေတာပါ။ နှစ်သင်းလုံးဟာ မထင်မှတ်ထားတဲ့အနေအထားတွေကနေ ဆီမီးဖိုင်နယ်အဆင့်ဆီကို တက်လှမ်းလာခဲ့ကြပြီးမှ ခရိုအေးရှားက အာဂျင်တီးနားကို အရေးနိမ့်ရသလို မော်ရိုကိုကလည်း လက်ရှိချန်ပီယံပြင်သစ်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ အုပ်စုတွင်းမှာ ဆုံတွေ့ခဲ့စဉ်ကလည်း ဂိုးမရှိသရေရလဒ်ထွက်ပေါ်ထားခဲ့တာကြောင့် ဒီပွဲမှာတော့ ဘယ်အသင်းကအနိုင်ရပြီး တတိယမြောက်အကောင်းဆုံးအသင်းဖြစ် မှတ်တမ်းရေးထိုးသွားနိုင်မလဲဆိုတာတော့ စိတ်ဝင်စားစရာကောင်းပါတယ်။

ခရိုအေးရှားဟာ ၁၆ သင်းအဆင့်မှာ ဂျပန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တာဖြစ်သလို မော်ရိုကိုလည်း စပိန်လို နာမည်ကြီးအသင်းကို မိနစ် ၁၂၀ ထိ ယှဉ်ကစားပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ပဲ အနိုင်ကစားထားတာဖြစ်ပါတယ်။ ကွာတားဖိုင်နယ်မှာလည်း ခရိုအေးရှားဟာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဘရာဇီးလ်ကို ကျော်ဖြတ်ခဲ့တာဖြစ်ပြီး မော်ရိုကိုလည်း ပေါ်တူဂီကို ပွဲချိန်အတွင်းမှာပဲ အနိုင်ယူခဲ့ကာ သူတို့ရဲ့ မာကျောမှုကို ပြသထားနိုင်ခဲ့ပါတယ်။

နှစ်သင်းလုံးရဲ့ အဓိကအားသာချက်ကတော့ ခံစစ်ပိုင်းမာကျောမှုနဲ့ ကွင်းလယ်ကစားပုံအထူးကောင်းမွန်ခြင်းပါပဲ။ ခရိုအေးရှားဟာ မိုဒရစ်၊ ကိုဗာဆစ်နဲ့ ဘရိုဇိုဗစ်တို့ရဲ့ နားလည်မှုမြင့်မားတဲ့ ကွင်းလယ်အတွဲကြောင့် ဘယ်ပြိုင်ဘက်ကို မဆိုယှဉ်ကစားနိုင်ခဲ့သလို မော်ရိုကိုကလည်း အမ်မရာဘတ်နဲ့ အူနာဟီတို့ရဲ့ လုပ်အားနှုန်းနဲ့ တစ်သင်းလုံးရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကြောင့် ဒီအဆင့်ထိ ရောက်လာခဲ့တာပါ။ သူတို့ရဲ့ အားနည်းချက်ကတော့ တိုက်စစ်မှူးကောင်းမရှိတာပါပဲ။ အခုတော့ သူတို့နှစ်သင်းဟာ ဂုဏ်သိက္ခာအတွက် တတိယနေရာလုပွဲမှာ ဆုံတွေ့နေခဲ့ပါပြီ။ ဘယ်အသင်းက အနိုင်ယူပြီး ၂၀၂၂ ကမ္ဘာ့ဖလားရဲ့ တတိယဆုရှင်အဖြစ် မှတ်တမ်းရေးထိုးသွားနိုင်မလဲဆိုတာတော့ ဒီညမှာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

crd🖋မောင်ရှမ်း