ဒီဇင်ဘာ ၁၈ ရက်နေ့ မှုခင်းသတင်းများ

-ဒီဇင်ဘာ ၁၇ ရက် ၁၅၄၀ နာရီတွင် ထားဝယ်မြို့နယ်၊ အလယ်ကုန်းကျေးရွာနေ ဦးသန်းဌေး(၅၇)နှစ်သည် သရက်ချောင်း မြို့နယ်၊ စုံစင်ဖျားကျေးရွာအနီးရှိ ၎င်းပိုင် ရာဘာခြံမှ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာတံတားအနီး အရောက်၌ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ပေါက်ကွဲမှုကြောင့် ဦးသန်းဌေးတွင် ဦးခေါင်း၊ ယာလက်မောင်း၊ မျက်နှာ မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ထားဝယ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၁၇ ရက် ၀၈၀၀ နာရီတွင် ရွှေပြည်သာမြို့နယ်၊ (၁၁)ရပ်ကွက်၊ လေးမာန်အောင်ပတ်လမ်း၌ မသင်္ကာဖွယ်အထုပ် ၁ ထုပ် တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ လေးမာန်အောင် ပတ်လမ်းဘေးရှိ အမှိုက်ပုံ၌ ကြွပ်ကြွပ်အိတ်(အနက်ရောင်)ဖြင့် ထည့်ထားသော ပလပ်စတစ်ဘူးကြီး ၁ ဘူး၊ ဘူးသေး ၂ ဘူးတို့အား ဂတ်စ်ဘူး ၃ ဘူးဖြင့် ချိတ်ဆက်ပြုလုပ်ထားသည့် လက်လုပ်ဗုံး ၂ လုံးအား တွေ့ရှိခဲ့သဖြင့် စနစ်တကျ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရ။