ဒိန်းမတ်ဘုရင်မကြီး ဇန်နဝါရီလ ၁၄ ရက်တွင် နန်းစွန့်မည်

ဒိန်းမတ်ဘုရင်မကြီး မာဂရတ် ၂ သည် ဇန်နဝါရီလ ၁၄ ရက်တွင် နန်းစွန့်မည်ဖြစ်ကြောင်း ၎င်း၏နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့ကြောင်း သိရသည်။

“မိမိအနေနဲ့ ဒီအချိန်က ဆုံးဖြတ်ချက် ချမှတ်ဖို့ အချိန်ကောင်းဖြစ်တယ်လို့ သတ်မှတ်ပါတယ်။ ခမည်းတော်ဆီကနေ ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့တာ ၅၂ နှစ်ကြာပြီးနောက် ဇန်နဝါရီလ ၁၄ ရက်မှာ ဒိန်းမတ်ဘုရင်မကြီး အဖြစ်ကနေ နန်းစွန့်တော့မှာပါ”ဟု ဘုရင်မကြီး မာဂရတ် ၂ ကပြောကြောင်း The Independent သတင်းစာကဖော်ပြထားသည်။

ယခုအခါ အသက် ၈၃ နှစ်ရှိနေပြီ ဖြစ်သည့် ဘုရင်မကြီး မာဂရတ် ၂ သည် ထီးနန်းကို ၎င်း၏ သားအကြီးဆုံးဖြစ်သည့် အိမ်ရှေ့မင်းသား ဖရက်ဒရစ်ထံသို့ လွှဲပြောင်း ပေးသွားမည်ဖြစ်ကြောင်း မိန့်ခွန်းတွင် ဖော်ပြထားသည်။

ဘုရင်မကြီး မာဂရတ် ၂ သည် ယနေ့ကမ္ဘာပေါ်တွင် တစ်ဦးတည်းသောနှင့် နန်းသက် အရှည်ကြာဆုံးသော ဘုရင်မကြီး ဖြစ်ကြောင်း သိရသည်။

#PAN