ချောင်းနှစ်ခွမှ သူရဲကောင်းများ (၄)

ချောင်းနှစ်ခွစခန်းပေါ်မှ ၈၅ ဒီဂရီ ၁၂၀ မမ အမြောက်၊ ၁၁၃၅ လုံးမြောက် ပွဲသိမ်းဗုံးသီးနှင့် သူရဲကောင်း မှတ်တမ်းဝင်ခဲ့တဲ့ ဗိုလ်မှူး ထွန်းဝင်း)

ချောင်းနှစ်ခွစခန်းတိုက်ပွဲနဲ့ပတ်သက်ပြီး ခြေလျင်/ခြေမြန်တပ်တွေရဲ့ လုပ်ဆောင်ချက်တွေ ဂုဏ်ပြုရေးသား ပြပြီးတဲ့နောက်မှာ ဒီနေ့မှာတော့ ချောင်းနှစ်ခွစခန်းအတွင်းမှ မြေပြင်အမြောက်တပ်ဖွဲရဲ့ လုပ်ဆောင်ချက်၊ တောင်ကလေးဗျူဟာမှ ဗျူဟာမှူးရဲ့ မိမိတပည့်တွေအပေါ်မှာထားတဲ့ စစ်ခေါင်းဆောင်တစ်ယောက်ရဲ့ စိတ်ဓာတ်တွေအကြောင်းကို ရေးသားတင်ပြပေးမှာဖြစ်ပါတယ်။

ချောင်းနှစ်ခွစခန်းမှာရှိတဲ့ အမြောက်တပ်စု အနီးကပ်ဆုံး နောက်ကြောင်းက ဘယ်လိုရှိသလဲ..?ချောင်းနှစ်ခွစခန်းမှာရှိတဲ့ ဗိုလ်မှူး ထွန်းဝင်း ဦးဆောင်တဲ့ အမြောက်တပ်စုနဲ့ အမြောက်တပ်စုလုံခြုံရေး ဗိုလ်ကြီး မင်းအောင်တိုဟာ ချောင်းနှစ်ခွစခန်းကိုမရောက်ခင် အကြမ်းဖက် KNU တမဟ ၆ ရဲ့ တံခွန်တိုင် စခန်းကို အမှုန့်ချေသိမ်းပိုက်ခဲ့တဲ့ နောက်ကွယ်က ပဲ့ကိုင်ရှင်တွေဖြစ်ခဲ့ပါတယ်။

ဒီလိုအတွေ့အကြုံ တွေများပြီး စွမ်းရည်ပြည့်ဝတဲ့ အမြောက်တပ်စုတစ်စု ချောင်းနှစ်ခွစခန်းကို ရောက်သွားတာဟာ တပ်မတော်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းသစ်တစ်ခု ရေးထိုးဖိုအတွက် ဖြစ်ခဲ့ပါတယ်။ ဗိုလ်မှူး ထွန်းဝင်း ဦးဆောင်တဲ့ အမြောက်တပ်စုနဲ့ ဗိုလ်ကြီး မင်းအောင် ဦးဆောင်တဲ့ အမြောက်တပ်စု လုံခြုံရေး အဖွဲ့တွေဟာ အကြမ်းဖက် KNU တမဟ ၆ ရဲ့ တံခွန်တိုင်စခန်းကို သိမ်းပိုက်ပြီးနောက် ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ ချောင်းနှစ်ခွစခန်းကိုရောက်ရှိခဲ့ပြီး ချောင်းနှစ်ခွစခန်းမှာရှိတဲ့ တပ်ရင်းမှူးရဲ့ ညွှန်ကြားချက်အရ ဗိုလ်မှူး ထွန်းဝင်းတို့အဖွဲဟာ စခန်းရဲ့ ရှေ့မျက်နှာစာမှာ နေရာယူအခြေပြုခဲ့ပါတယ်။

၁၀-၁၁-၂၀၂၃ ရက်နေ့မှာတော့ ချောင်းနှစ်ခွစခန်းကို အကြမ်းဖက် KTLA+ PDF အင်အား ၁၀၀၀ ကျော် အင်အားအလုံးအရင်းနဲ့ ဝင်တိုက်ခဲ့သလို Drone များဖြင့်လည်း Drop ဗုံးများ အဆက်မပြတ် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

အကြမ်းဖက်သမားတွေရဲ့ Drop ဗုံးချ တိုက်ခိုက်မှုကြောင့် တိုက်ပွဲစဖြစ်တဲ့ရက်မှာပင် အမြောက်တပ်စုမှူး ဗိုလ်မှူး ထွန်းဝင်းဟာ မျက်နှာနဲ့ ခါးတွေမှာ ဗုံးစထိမှန် ဒဏ်ရာတွေရရှိခဲ့ပါတယ်။ ဒီလိုရရှိနေတဲ့ ဒဏ်ရာတွေကို ဂရုမစိုက်ဘဲ ၎င်းအဓိကလုပ်ဆောင်ရမယ့် အမြောက်ပစ်ကူကို ရအောင်ပစ်ခတ်ပြီး ပစ်ကူပေးခဲ့ပါတယ်။ အမြောက်ပစ်ကူပေးတယ်ဆိုတာ စကားအရာမှာ လွယ်ပေမယ့် အမြောက်ရှိတဲ့စခန်းကို လာတိုက်တာဖြစ်တဲ့အတွက် ပစ်ခတ်ရာမှာ ကန့်သတ်ချက်များစွာရှိပါတယ်။ ဘာကြောင့် အမြောက်ပစ်ခတ်ဖို့ ကန့်သတ်ချက်ရှိသလဲဆိုရင် ရန်သူဟာ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နေတာဖြစ်သလို စခန်းနဲ့မီတာ ၆၀ ခန့်အကွာမှာရှိတဲ့ ဆေးရုံအတွင်းမှလည်း စနိုက်ပါများနဲ့ ပစ်ခတ်နေတာဖြစ်တဲ့အတွက် ပစ်ကူကို သတိကြီးကြီးထားလုပ်ဆောင်ခဲ့ရပါတယ်။

ဘယ်လိုပင်ရန်သူက ဖိအားပေးထားပါစေ စခန်းနဲ့ မီတာ ၆၀ အကွာမှာရှိတဲ့ အကြမ်းဖက်သမားတွေကို ချေမှုန်းဖို့အတွက် အမြောက်တပ်ဖွဲ့မှာရှိတဲ့ စစ်သည်တွေဟာ ၁၂၀ မမ အမြောက်ကို ၈၅ ဒီဂရီထောင်ပြီး မိမိအသက်တွေကို ပဓာနမထားဘဲ မိုက်မိုက်ကန်းကန်းကို စတင်ပစ်ခတ်ခဲ့ပါတယ်။

အမြောက်စစ်သည်တော်ပစ်ခတ်လိုက်တဲ့ ဗုံးသီးများဟာအကြမ်းဖက်သမားတွေရဲ့နေရာကို တည့်တည့် ကျရောက်ပေါက်ကွဲတဲ့အတွက် သေဆုံးမှုများပြားသွားကာ စခန်းကိုမတိုက်ခိုက်တော့ဘဲ ချောင်းနှစ်ခွရွာအတွင်းသို့ ချက်ချင်း ဆုတ်ခွာသွားပါတော့တယ်။

အကြမ်းဖက်သမားတွေဟာ ချောင်းနှစ်ခွစခန်းကို ရအောင်တိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လာတာဖြစ်တဲ့အတွက် အထိနာပေမယ့် အပြီးပိုင်ဆုတ်ခွာမသွားဘဲ ချောင်းနှစ်ခွရွာအတွင်းမှာခြေပြုကို ထပ်မံတိုက်ခိုက်ဖို့ ပြင်ဆင်ပါတယ်။

မိမိဘက်မှ အမြောက်စစ်သည်တွေကလည်း တိုက်ပွဲခေတ္တငြိမ်သက်ချိန် ရန်သူ့စနိုက်ပါ ပစ်ခတ်မှုမှ ရှောင်ကွင်းပြီး နောက်ထပ်တိုက်ပွဲအတွက် ပြင်ဆင်မှုတွေလုပ်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်ပြီး ဗိုလ်မှူး ထွန်းဝင်း က ၎င်း၏ တပ်ရင်းမှ အမြောက်တပ်ရင်းမှူးနှင့် အမြောက်ဗျူဟာမှူးထံသို့ ဖြစ်စဉ်အခြေအနေကိုတင်ပြခဲ့ပါတယ်။ အမြောက်တပ်ရင်းမှူးနှင့် အမြောက်ဗျူဟာမှူးတို့လည်း ဗိုလ်မှူး ထွန်းဝင်းအား လိုအပ်တဲ့ ခဲယမ်းများအချိန်မီ ဖြည့်တင်းပေးမည်ဖြစ်ကြောင်းနဲ့ အမြောက်ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး အကြံဉာဏ်များ ပေးခဲ့ပါတယ်။

စခန်းကိုသိမ်းပိုက်နိုင်ခြင်းမရှိတဲ့အပြင် အမြောက်ပစ်ခတ်မှုကြောင့် အထိနာသွားတဲ့ အကြမ်းဖက်သမားတွေဟာ နောက်ရက်တွေမှာလည်း အင်အားစုဖွဲ့ကာ အကြိမ်ကြိမ်တိုက်ခိုက်ပေမယ့် အမြောက်ပစ်ခတ်မှု ဒဏ်ကိုမခံနိုင်ဘဲ အကြိမ်ကြိမ် ပြန်လည်ဆုတ်ခွာသွားကြပါတယ်။

အကြမ်းဖက်သမားတွေဟာ ၎င်းတို့စခန်းကိုတိုက်ခိုက်ရာမှာ အဓိက ဒုက္ခပေးနေတာက စခန်းအတွင်းမှာရှိတဲ့ အမြောက်အဖွဲ့ဖြစ်တဲ့အတွက် အမြောက်အဖွဲ့နေရာကို Drop ဗုံးများအဆက်မပြတ်ချခြင်း၊ အမြောက် စစ်သည်တွေကို စနိုက်ပါနဲ့ ပစ်ခတ်ခြင်းတို့ဖြင့် ဘန်ကာအတွင်းမှ ထွက်လို့မရအောင် နည်းမျိုးစုံနဲ့ ဖိအားပေးခဲ့ပါတယ်။ ဒီလိုတစ်နေရာတည်းကို ပစ်ခတ်ဖိအားပေးနေတဲ့အတွက် အမြောက်စစ်သည်တွေဟာ အန္တရာယ်ကိုရှောင်ကွင်းပြီး တိုက်ပွဲဝင်နေပေမယ့် တစ်ရက်မှာတော့ ဗုံးသီးများသယ်နေတဲ့ စစ်သည်တော်တစ်ယောက် ရန်သူ့ စနိုက်ပါထိမှန်ပြီး မြင့်မြတ်စွာကျဆုံးသွားခဲ့ပါတယ်။

ချောင်းနှစ်ခွစခန်းတိုက်ပွဲဟာ ရက်ရှည်ကြာလာတာနှင့်အမျှ အမြောက်ပစ်ကူအဖွဲ့ရဲ့ ဗုံးသီးများလည်း လျော့နည်းလာပါတယ်။ ဒါ့ကြောင့် ဗိုလ်မှူး ထွန်းဝင်းဟာ တောင်ကလေးဗျူဟာမှာရှိတဲ့ စစ်ဗျူဟာမှူးနှင့် ချိတ်ဆက်ကာ ရန်သူတိုက်ခိုက်လာပါက ပစ်ကူပေးနိုင်ရန် ရန်သူ့ပစ်မှတ် မြေပုံညွှန်းတွေ ပေးပိုခဲ့ပါတယ်။

ချောင်းနှစ်ခွစခန်းမှာ တပ်ရင်းမှူးကျဆုံးပြီးနောက် အကြမ်းဖက်သမားတွေရဲ့ တိုက်စစ်အရှိန်ကလည်း ပိုမိုမြင့်လာပါတယ်။ ဒီတိုက်စစ်အရှိန်ကို ဦးနှိမ်ဖို့အတွက် တောင်ကလေးဗျူဟာမှ ဗျူဟာမှူးကလည်း အမြောက်ပစ်ကူများ တရစပ်ပေးပါတော့တယ်။

တောင်ကလေးဗျူဟာမှူး ပစ်ကူပေးချိန် မြေပြင်မှာရှိတဲ့ ဗိုလ်မှူး ထွန်းဝင်း က ကျည်ကျချက်တွေကို တွက်ချက်ပြီး တိကျတဲ့ပြင်ဆင်ချက်တွေ ပေးပို့တဲ့အတွက် ထိချက်တွေကောင်းမွန်ပြီး ရန်သူ့တိုက်စစ်လည်း အကြိမ်ကြိမ်လန်ကျခဲ့ပါတယ်။ တိုက်ပွဲပြီးဆုံးချိန်အထိ ချောင်းနှစ်ခွစခန်းကို ဗျူဟာမှူးပစ်ကူပေးတဲ့ ၁၂၀ မမ ဗုံးသီးအရေအတွက်ဟာ ၉၂၃ လုံးထိရှိခဲ့ပြီး ပျှမ်းမျှအားဖြင့် တစ်ရက်လျှင် ၁၈ လုံးလောက်အထိ မိမိတပ်ဖွဲ့ဝင်တွေကို ပစ်ကူပေးခဲ့ပါတယ်။

လက်နက်ကြီးဒဏ်ကြောင့် ထိခိုက်မှုများနေတဲ့ အကြမ်းဖက်အဖွဲ့များဟာ ချောင်းနှစ်ခွစခန်းကို စစ်ကူလာတဲ့ တပ်မတော်စစ်ကြောင်းတွေ နီးကပ်နေပြီဖြစ်တဲ့အတွက် အဆုံးအဖြတ်ဖြစ်မယ့် နောက်ဆုံးတိုက်ပွဲကို ၂၉-၁၂-၂၀၂၃ ရက်နေ့မှာ တစ်ဖန်ဆင်နွှဲပါတော့တယ်။ မိမိတပ်ဖွဲ့ဝင်တွေဟာလည်း စစ်ကူတွေရောက်ရှိတော့မှာဖြစ်တဲ့အတွက် စိတ်ဓာတ်တွေတက်ကြွနေသလို ဗိုလ်ကြီး ထွန်းဝင်းရဲ့ နောက်ဆုံးပိတ် အမြောက်ပစ်ကူတွေကလည်း ထိချက်တွေကောင်း လွန်းလှပါတယ်။

ဒါ့အပြင် ရန်သူရဲ့ ဦးနှောက်မဲ့စွာ တိုက်ခိုက်လာမှုကို အဆုံးသတ်ပေးလိုက်တာကတော့ ဗိုလ်ကြီး ထွန်းဝင်းရဲ့ ၅၃ လုံးမြောက် အဆုံးသတ်ဗုံးသီး သို့မဟုတ် တိုက်ပွဲကာလတစ်ခုလုံးကို ပွဲသိမ်းပေးလိုက်တဲ့ ၁၁၃၅ လုံးမြောက် ၁၂၀ မမ နောက်ဆုံးဗုံးသီး ကျရောက်ပေါက်ကွဲပြီးချိန်မှာတော့ ရန်သူဟာ ထိခိုက်မှုများစွာနဲ့ အကုန်လုံးဆုတ်ခွာ ထွက်ပြေးသွားရင်း ချောင်းနှစ်ခွစခန်းရဲ့ တိုက်ပွဲဟာလည်း ပြီးဆုံးသွားခဲ့ပါတယ်။ ရန်သူကလည်း တိုက်ပွဲကာလ တစ်လျှောက်လုံးမှာ Drop ဗုံး အရေအတွက် ၁၂၀၀ ခန့်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

၃၀-၁၂-၂၀၂၃ ရက်နေ့မှာတော့ အကြမ်းဖက်သမားတွေ အခြေပြုခဲ့တဲ့ နေရာတွေဖြစ်တဲ့ ချောင်းနှစ်ခွဈေး၊ တံတားနှင့် စာသင်ကျောင်းတို့ကို ဗိုလ်မှူး ထွန်းဝင်း ဦးဆောင်ကာ အပြတ်ရှင်းလင်းပြီး အောင်မြင်မှုတွေ ယူခဲ့တာကတော့ အမြောက်တပ်ဖွဲ့သမိုင်းကို ဂုဏ်ရောင်တောက်စေခဲ့တဲ့ ခေတ်သစ်သမိုင်းဝင် နေ့ရက်တွေ ဖြစ်ခဲ့ပါပြီ။

ရန်သူတွေ နည်းလမ်းမျိုးစုံသုံးပြီးတိုက်တဲ့ ဒီတိုက်ပွဲမှာ ချောင်းနှစ်ခွစခန်းရှိ အမြောက်တပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်၊ တောင်ကလေးဗျူဟာက ဗျူဟာမှူးရဲ့ ပစ်ကူပေးချက်တွေအောက်မှာ ရန်သူဟာ အကြိမ်ကြိမ်ကျရှုံးသွားခဲ့ပါတယ်။ ဒါ့အပြင် ခြေလျင်တပ်နဲ့ အမြောက်တပ်ဖွဲရဲ့ ဟန်ချက်ညီစွာ ပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် အောင်မြင်ခဲ့တဲ့ တိုက်ပွဲတစ်ခုဆိုရင်လည်း မမှားပေ။

ယခုဆိုရင် ဗိုလ်မှူး ထွန်းဝင်း တစ်ယောက် နိုင်ငံတော်မှ ချီးမြှင့်တဲ့ သူရဲကောင်းမှတ်တမ်းဝင် ဂုဏ်ပြု လက်မှတ်လေးကိုကိုင်ရင်း တိုက်ပွဲသံတွေ ငြိမ်သက်သွားပြီဖြစ်တဲ့ ချောင်းနှစ်ခွစခန်းကြီးနဲ့ ယခင်အတိုင်း ပြန်လည်လှပသွားပြီဖြစ်တဲ့ အတ္ထရံမြစ်ကြီးတိုရဲ့ ဒဏ်ရာအောက်ကအလှတရားတွေကို ပြန်လည်ခံစားမိနေ လောက်ပါရဲ့။

(ချောင်းနှစ်ခွစခန်းမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲဝင်များရဲ့ လုပ်ဆောင်ချက်ကို အပိုင်း ၅ (ဇာတ်သိမ်းပိုင်း)တွင် ဆက်လက် ဂုဏ်ပြုရေးသားဖော်ပြပေးသွားပါမည်)