ထွက်သက်ဆုံးသည့်တိုင်

ဇာတ်သိမ်းပိုင်း

*************

ငိုရှိုက်နေသူကား အခြားသူမဟုတ်။ အောင်ကိုမင်း၏အချစ်တော်၊ တပ်ရင်းအရာခံဗိုလ်၏သမီး သီတာမိုးပင်ဖြစ်သည်။ အားလုံး၏အကြည့်များ သူ့ထံသို့အရောက်တွင် သီတာမိုးမှာ တာကျိုးသည့်ပမာ ငိုချလေတော့သည်။

“ကိုအောင်ကိုမင်းရေ၊ သမီးတို့ကိုမစောင့်ရှောက်နိုင်တော့ဘူး ပေါ့၊ ဟီး . . . အီး”

ဗိုလ်ကြီးမျိုးမင်းသူအပါအဝင် စစ်သည်၊ ရဲမေများမှာ နားမလည်နိုင်စွာရှိနေကြရာ ရဲမေတစ်ဦးက –

“ဟဲ့ – သမီး ဘာဖြစ်လို့တုံး၊ ငါတို့နားလည်အောင်ပြောပြစမ်းပါအုံး” ဟု မေးလိုက်တော့မှ သီတာမိုးက ဖြစ်ကြောင်းကုန်စင်ကို မျက်ရည်လည်ရွဲဖြင့် ရှင်းပြလေတော့သည်။

+++++

“မိုးချုပ်နေပြီ၊ ငါမလိုက် တော့ပါဘူးဆို”

“ဟာ – နင်ကလဲ ခဏပဲဟာကို၊ ပြီးတာနဲ့ ပြန်လိုက်ပို့ပေးမှာပဲ၊ ဟိုကောင်တွေအတွဲလဲပါတာပဲ”

“အဖေသိရင် ငါ့ကိုဆူလိမ့်မယ်၊ ခုတောင် အပြန်နောက်ကျလို့ မျှော်နေလောက်ပြီ”

“နင်ကလဲဟာ ဘာမှန်းလဲမသိဘူး၊ ကြာတယ်ဟာ၊ လာ”

“ဟဲ့ – ငါ့ကိုမဆွဲနဲ့”

ဆူညံဆူညံအသံများကြောင့် တပ်ရှေ့သင်္ကြန်မဏ္ဍပ်ဘေးတွင် ရဲမေများဈေးရောင်းပြီး ဆိုင်သိမ်း သွားသည့်စားပွဲအလွတ်ပေါ်တွင်ထိုင်ကာ ပုလင်းထဲကလက်ကျန်ကို အပြတ်ရှင်းနေသည့် အောင်ကိုမင်း တစ်ယောက် ခေါင်းထောင်ကြည့်လိုက်မိသည်။ သူက လမ်းဘေးအမှောင်ထဲကဖြစ်ပြီး ပြဿနာဖြစ် နေသူများက လမ်းမီးတိုင်အောက်တွင်ဖြစ်သောကြောင့် သူ့ကိုမမြင်ကြ။

သူကြားမိသလောက်ကတော့ ကောင်မလေးကို သူ့သူငယ်ချင်း ယောကျာ်းလေးဖြစ်ဟန်တူသူက မြို့ထဲရှိသင်္ကြန်မဏ္ဍပ်သို့သွားရန် ခေါ်နေခြင်းဖြစ်ပြီး ကောင်မလေးက မလိုက်လိုကြောင်း ငြင်းဆန်နေ သည့်ပုံဖြစ်သည်။

ပထမတော့ စုံတွဲတွေထုံးစံအတိုင်း ပြဿနာဖြစ်နေခြင်းဟုတွေးကာ မသိသလိုနေလိုက်သော်လည်း သေသေချာချာကြည့်လိုက်မိတော့မှ တပ်ရင်းအရာခံဗိုလ်၏သမီးဖြစ်နေမှန်း  သူသိလိုက်သည်။ ဆွဲလား၊ ရုန်းလားဖြစ်လာသည့်ပုံစံကိုလည်း  တွေ့လိုက်ရသဖြင့် သူ မနေသာတော့ပေ။

“ဟဲ့ – သီတာမိုး၊ နင်တို့ ဘာတွေဖြစ်နေတာလဲ”

ခြေတုတစ်ဖက်အားကိုးကာ ဒယီးဒယိုင်ဖြင့်ထလာသော အောင်ကိုမင်းကို  သီတာမိုးက တစ်ချက် လှည့်ကြည့်လိုက်ပြီး –

“ဘာမှမဖြစ်ဘူး” ဟု စိတ်ရှုပ်ထွေးဟန်ဖြင့် ပြီးစလွယ်ပြန်ဖြေလိုက်သော်လည်း အောင်ကိုမင်းက –

“ဘာမှမဖြစ်ဘူးသာပြောတယ်၊ နင်တို့စကားများနေတာကို ငါမြင်တယ်၊ ပြီးတော့ နင်က ငါတို့ တပ်ကလေ၊ နင်ပြဿနာဖြစ်နေရင် ရှင်းပေးရမှာပေါ့” ဟု ထပ်ပြောလိုက်သည်။

“ခင်ဗျားက ဘာလဲ၊ ကိုယ်နဲ့မဆိုင်ရင် ဝင်မရှုပ်နဲ့၊ အေးဆေးနေ”

အတန်ငယ်မူးနေဟန်ရှိသောလူငယ်က အောင်ကိုမင်းကို ဟန့်တားသလို ခပ်မာမာပြောလာတော့ သူဒေါသထွက်သွားပြီး –

“ဟေ့ကောင် သီတာမိုးက ငါတို့တပ်ကကွ၊ ငါနဲ့ဆိုင်လို့ ဝင်ပြောနေတာ၊ မင်းတို့ ပြောဆိုနေတာတွေ ငါအကုန်ကြားတယ်၊ မင်း ပြန်လိုက်တော့” ဟုပြောရင်း ရှေ့တိုးသွားသည့်အခါ လူငယ်က အောင်ကိုမင်း၏ ရင်ဘတ်ကို ဆောင့်တွန်းလိုက်ရာ ခြေတုတပ်ဆင်ထားသည့်ဘက်က  ဟန်ချက်မထိန်းနိုင်ဘဲ ပစ်လဲသွားတော့သည်။ အောင်ကိုမင်းက ချက်ချင်းလူးလဲပြန်ထလိုက်ပြီး လက်ထဲတွင်ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည့်ပုလင်းဖြင့် လူငယ်၏ခေါင်းကို  အားကုန်လွှဲကာ ရိုက်ထည့်လိုက်သော်လည်း တစ်ဖက်က ရှောင်လိုက်သည့်အတွက် မထိလိုက်။

လူငယ်ကလည်း အောင်ကိုမင်းကို အတင်းဝင်လုံးကာ ပုလင်းကိုဆွဲလုသည်။ အောင်ကိုမင်းကလည်း ပုလင်းကို လက်လွတ်မခံဘဲ ပြန်ဆွဲထားရာ နှစ်ယောက်သား လုံးထွေးလျက်ရှိနေတော့သည်။

အဖြစ်အပျက်က မြန်ဆန်လွန်းလှသောကြောင့် ဘေးကနေရပ်ကြည့်နေသည့် သီတာမိုးမှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ နောက်ဆုံးတွင်ပုလင်းက လူငယ်လက်ထဲသို့ ရောက်ရှိသွားလေပြီ။

“တော်တော့ ရန်နိုင်စိုး၊ နင် သူ့ကိုထိစရာမလိုဘူး၊ အရိုင်းအစိုင်းကောင်”

သူတို့ရန်ပွဲအတွင်း အတင်းဝင်ရောက်ဖျန်ဖြေသူက သီတာမိုးပင်ဖြစ်ပြီး အောင်ကိုမင်း၏လက် ကိုဆွဲကာ တပ်ရင်းဂိတ်ပေါက်ဆီ ဦးတည်လျှောက်သွားသူမှာလည်း သီတာမိုးပင်ဖြစ်သည်။

ရန်နိုင်စိုးဆိုသည့်လူငယ်ကတော့ မကျေမနပ်ဖြင့်ပြောဆိုရင်း  ဆိုင်ကယ်မောင်းကာ ပြန်ထွက်သွား တော့သည်။

“တော်သေးတာပေါ့ ကိုအောင်ကိုမင်းရယ်၊ သူက သမီးဆီမှာ အဖြေတောင်းထားတဲ့သူပါ၊  ညနေက တပ်ရင်းမဏ္ဍပ်မှာ သမီးယိမ်းကတာကိုလာကြည့်ရင်း သမီးကို မြို့ထဲကမဏ္ဍပ်ဆီလိုက်ခဲ့ဖို့ အတင်းခေါ် နေတာ၊ သူက နည်းနည်းလဲမူးနေတော့ သမီးကြောက်နေတာ”

“အေးပါ၊ နင် လိုက်သာသွားလို့ကတော့ မလွယ်ဘူးနော်၊ ကိုယ်က မိန်းကလေးလေ၊ သတိနဲ့နေရ မှာပေါ့၊ ကဲ – လိုင်းထိပ်လဲရောက်ပြီ၊ နင့်အဖေလဲ မျှော်နေလိမ့်မယ်၊ သွားတော့ သွားတော့”

ရုန်းရင်းဆန်ခတ်အတွင်း ခြေတုတွင်စွပ်ထားသည့်ဖိနပ်လေး သည်းကြိုးပြတ်သွားသည်ကို လက် ဖြင့်ကိုင်ထားရင်း အောင်ကိုမင်းက သီတာမိုးကို အိမ်ထောင်သည်လိုင်းထိပ်အထိရောက်အောင် လိုက်ပို့ ပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ်နော် ကိုအောင်ကိုမင်း”

“မလိုပါဘူးဟာ၊ ခြေထောက်နှစ်ဖက်အစုံရှိတုန်းက ရှေ့တန်းမှာ စစ်တိုက်ရင်း တာဝန်ကျေအောင် လုပ်ခဲ့တယ်၊ ခြေထောက်တစ်ဖက် မရှိတော့လဲ နောက်တန်းမှာမိသားစုတွေအတွက်  တာဝန်ကျေရမှာပေါ့ လေ၊ ခြေတစ်ဖက်မရှိတော့ သိပ်ပြီးတာဝန်ကျေနိုင်မယ် မထင်ပါဘူးဟာ၊ ဟဲ . . . ဟဲ၊ ကဲ – သွား သွား”

+++++

သီတာမိုးက မျက်ရည်လည်ရွဲဖြင့်ပြန်ပြောပြရင်း စကားလက်စသတ်လိုက်တော့ အားလုံးကိုယ်စီ ၏ရင်ထဲတွင် စိတ်မကောင်းခြင်းတို့က တရိပ်ရိပ်ဖြတ်ပြေးလျက်ရှိနေကြသည်။

ရှေ့တန်းတွင်  အားကိုးရသောစစ်သားကြီးဖြစ်သလို တပ်မိသားစုအပေါ် တာဝန်ကျေစွာ စောင့်ရှောက်ခဲ့သည့် ရဲဘော်ကြီးအောင်ကိုမင်းတစ်ယောက် သူချစ်သောတပ်မတော်ကြီးကို ခွဲခွာသွား ခဲ့ချေလေပြီ။

အောင်ကိုမင်း၏အသက်မဲ့ခန္ဓာအား ကားဖြင့်တင်ဆောင်သွားသည်ကိုကြည့်ရင်း ဗိုလ်ကြီးမျိုးမင်းသူ နှုတ်က တိုးတိုးဖွဖွလေးရေရွတ်လိုက်မိသည်။

“သွားနှင့်ပေအုံးတော့ တပည့်ရေ၊ နောင်ဘဝဆက်တိုင်း လူမသိသူမသိတာဝန်ကျေပွန်ခဲ့ရတဲ့ဘဝ ကနေ လွတ်မြောက်နိုင်ပါစေကွာ…”

လေတစ်ချက်အဝှေ့တွင် တန်းစီကွင်းဘေးရှိ ပိတောက်ပင်ကြီးထက်က  သစ်ရွက်ခြောက်များ တဖြုတ်ဖြုတ်ကြွေဆင်းကာ သူရပ်နေရာသို့ တလိမ့်လိမ့်ပြေးဝင်လာကြသည်။

အမှတ်(၃) တပ်ခွဲတန်းစီရာ နေရာတွင်တော့ အောင်ကိုမင်း၏ခြေတုကနေ ပြုတ်ကျကျန်ရစ်ခဲ့သည့် သည်းကြိုးပြတ်ရော်ဘာဖိနပ်လေးတစ်ဖက်က ငြိမ်သက်စွာအနားယူလျက် . . .။   ။

(ကျဆုံးလေပြီးသော တပ်မတော် သားများကို ဦးညွှတ်လျက်)

နေဇင်(ပေါက်ခေါင်း)