ထိုင်းဝယ်လက်တွေ ကွင်းဆင်းဝယ်ယူမှုကြောင့် ကော်ဖီဈေးသုံးဆတက်လျက်ရှိ

မြန်မာ့ကော်ဖီကို ထိုင်းနိုင်ငံကဝယ်လိုအားရှိနေတဲ့အတွက် ထိုင်းကုန်သည်တွေ ကွင်းဆင်းဝယ်ယူမှုကြောင့် ပြည်တွင်းကော်ဖီဈေးကွက်မှာ မနှစ်ကထက် ဈေးနှုန်း သုံးဆလောက်တက်သွားတယ်လို့ မြန်မာနိုင်ငံကော်ဖီအသင်းကနေ သိရပါတယ်။

မနှစ်က ကော်ဖီရာသီမှာ ကော်ဖီစေ့တစ်ပိဿာကို ကျပ် ၈၀၀ သာရှိပေမယ့် အခုနှစ်မှာ တော့ တစ်ပိဿာ ကျပ်၂၅၀၀ ဝန်းကျင်အထိ ဈေးရနေတယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ ကော်ဖီစိုက်ဧက နှစ်သိန်းကျော် အကောင်အထည်ဖော်စိုက်ပျိုးခဲ့ပေမယ့် ဧက ၅၀၀၀၀ ကျော်သာ အောင်မြင်ဖြစ်ထွန်းပြီး နှစ်စဉ်ကော်ဖီစေ့တန်ချိန် ၈၀၀၀ မှ ၉၀၀၀ ကြားထွက်ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက ကော်ဖီတွေကို ပြည်ပက ဝယ်ယူပေမယ့် ပြည်တွင်းမှာသောက်သုံးမှုများတဲ့ ကော်ဖီမှုန့် Instant ကော်ဖီတွေကို တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေက တင်သွင်းတာဖြစ်တယ်လို့ သိရပါတယ်။